၁၄  ဇွန်

 

တရားစီရင်ရေးနယ်ပယ်တွင် အောက်ခြေအဆင့်မှစတင်၍ နှစ်ပေါင်း ၄၀ တိုင် ပါဝင်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သည်နှင့်အညီ တရားစီရင်ရေးလုပ်ငန်းအပေါ် သံယောဇဉ်ဖြစ်နေမိသည်။ အမှန်တရားကိုဆုံးဖြတ်ပေးရာနေရာဖြစ်သည့် တရားရုံးများအပေါ် အမြဲသစ္စာစောင့်သိလျက်ရှိသည်။ အမှန်တရားကိုအဆုံးအဖြတ်ပေးသည့် တရားသူကြီးများကို အစဉ်လေးစားလျက်ရှိသည်။ အမှန်တရားကို တန်ဖိုးထားသည်။ အမှန်တရားများ ဖြစ်ထွန်းပေါ်ပေါက်နေသည်ကို အမြဲလိုလားသည်။

 

ဤသို့ဖြင့် တရားစီရင်ရာတွင် အခြေခံရမည့် အခြေခံမူခုနစ်ချက်ကို တစ်ခုချင်းစီအတွက် ဆောင်းပါးခုနစ်ပုဒ်၊ တရားစီရင်ရေးဆိုင်ရာ အခြေခံမူခုနစ်ချက်ကို စုပေါင်း၍ ဆောင်းပါးတစ်ပုဒ်၊ တရားစီရင်ရေး မှတ်တိုင်သစ်တစ်ခု စိုက်ထူကြစို့၊ မှုခင်းစီမံခန့်ခွဲမှုစနစ်မှသည် ပြည်သူအားကိုးထိုက်သော တရားစီရင်ရေးစနစ်ဆီသို့၊ ပွင့်လင်မြင်သာခြင်းမှသည် အများယုံကြည်ကိုးစားသည့် တရားစီရင်ရေးဆီသို့ ခေါင်းစဉ်များဖြင့် ဆောင်းပါးသုံးပုဒ်၊ စုစုပေါင်း ဆောင်းပါး ၁၁ ပုဒ် ဆက်တိုက်ရေးသား ဖော်ပြခဲ့သည်။ ဤသည်မှာ တရားရုံးများကို ပြည်သူအများ ပို၍ပို၍ အားထားယုံကြည် ကိုးစားထိုက်သော တရားရုံးများဖြစ်စေချင်လွန်းသည့် စိတ်ရင်းစေတနာမှန်ဖြစ်သည်။

 

ပြည်သူအများ ပို၍ပို၍ အားထားယုံကြည်ကိုးစားထိုက်သော တရားရုံးများဖြစ်ဖို့ဆိုလျှင် တရားရုံးများသည် အမှန်တရားကို ဆုံးဖြတ်ကြရန်ဖြစ်သည်။ ထိုသို့အမှန်တရားကို ဆုံးဖြတ်ကြောင်း အများပြည်သူက ပွင့်လင်းမြင်သာစွာ သိရှိရမည် ဖြစ်သည်။ ဤသည်ကိုအထက်ဆောင်းပါးများတွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုတစ်ဖန် ထိုသို့အမှန်တရားကို ဆုံးဖြတ်နိုင်ကြဖို့ဆိုလျှင် တရားအမှန်ရှိကြရန် လိုအပ်မည်ဖြစ်ကြောင်း ဆင်ခြင်စောကြောမိပြန်သည်နှင့်အညီ ရေးခဲ့ပြီးသော ဆောင်းပါး ၁၁ ပုဒ်၏ နိဂုံးချုပ်ဆောင်းပါးအဖြစ် ထပ်မံရေးသား ဖော်ပြလိုက်ပါရစေ။

 

အမှန်တရားကိုဆုံးဖြတ်ရာဝယ်

 

တရားရုံးများက မှုခင်းတစ်ရပ်ကို စစ်ဆေးကြားနာရာတွင်လည်းကောင်း၊ စီရင်ဆုံးဖြတ်ရာတွင်လည်းကောင်း အခြေခံအားဖြင့် လွတ်လပ်စွာ စီရင်ဆုံးဖြတ်ခွင့်ရှိရမည်။ အဂတိတရားလေးပါး ကင်းဝေးရမည်။ ဤသည်နှင့် မပြီးသေးပါ။ ဥပဒေအကြောင်းအချက်၊ အကြောင်းခြင်းရာ အချက်အလက်များအပေါ် မှန်မှန်ကန်ကန်ကောက်ချက်ချ၍ ဆင်ခြင်သုံးသပ်နိုင်သည့် စွမ်းအားတွေ ရှိနေကြရပါမည်။

 

တရားအမှန်ရှိကြဖို့လိုပါမည်

 

အမှန်တရားကိုဆုံးဖြတ်ရာဝယ် တရားအမှန်ရှိကြဖို့၊ သိကြဖို့လည်း လိုပါမည်။ တရားအမှန်ကိုသိမှ ဆင်ခြင်မှုစွမ်းအား ကောင်းမွန်နိုင်မည်။ တရားအမှန်ကိုသိမှ ဥပဒေအကြောင်းအချက်အပေါ် မှန်မှန်ကန်ကန် ကောက်ယူသုံးသပ်နိုင်မည်။ တရားအမှန်ကိုသိမှ အကြောင်းခြင်းရာ အချက်အလက်အများအပေါ် မျှမျှတတ ကောက်ယူသုံးသပ်နိုင်မည်။ ဆင်ခြင်မှုစွမ်းအားကောင်းမွန်ပြီး ဥပဒေအကြောင်းအချက်၊ ကြောင်းခြင်းရာ အချက်အလက်များအပေါ် မှန်မှန်ကန်ကန် မျှမျှတတ ကောက်ယူသုံးသပ်နိုင်မှသာလျှင် အမှန်တရားကို ဆုံးဖြတ်နိုင်ကြမည်ဖြစ်သည်။ သို့ပါ၍ အမှန်တရားကို ဆုံးဖြတ်နိုင်ဖို့ တရားအမှန်ကိုသိဖို့သည်လည်း အခြေခံအချက်တစ်ချက်အဖြစ် တည်နေသည်။

 

တရားအမှန်ဘယ်မှာရှာ

 

လောကီရေးရာဖြစ်သည့် တရားစီရင်ရေးနယ်ပယ်၊ တရားစီရင်ရေးလုပ်ငန်းများ စစ်ဆေး၊ ကြားနာ၊ စီရင်၊ ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ရာတွင် တရားအမှန် ဘယ်မှာရှာရမည်နည်း။ ဘယ်မှာရှိနေသနည်း။ ဤသည်ကိုလည်း သတိမူကြရပါမည်။ ဥပဒေတွေ မည်သို့ပင်ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်တတ်ကျွမ်းနေပါစေ တရားအမှန်ကို ဆင်ခြင်ကောက်ယူ သုံးသပ်မှုပြုနိုင်ချင်မှ ပြုနိုင်ပါလိမ့်မည်။

 

အမှန်တကယ်တော့ ဥပဒေဟုဆိုလျှင် ဥပဒေထဲတွင်တရားအမှန်တွေ ရှိနေသည်။ ထိုတရား အမှန်ကို ရှာဖွေတတ်ရမည်။ ရှာဖွေစွမ်းအားလည်း မိမိမှာရှိနေရမည်။ တရားအမှန်ကို ရှာဖွေတွေ့ရှိ သိလိုက်ရသည်နှင့် ဥပဒေအကြောင်းအချက်အပေါ် အမှန်တရားကို ဆင်ခြင်ကောက်ယူ သုံးသပ်နိုင်ပါမည်။

 

ဤကဲ့သို့ပင် အကြောင်းခြင်းရာ အချက်အလက်များထဲတွင်လည်း တရားအမှန်တွေရှိနေသည်။ ထိုတရားအမှန်ကို ရှာဖွေတတ်ရမည်။ ရှာဖွေစွမ်းအားလည်း မိမိမှာရှိနေရမည်။ တရားအမှန်ကို ရှာဖွေတွေ့ရှိ သိလိုက်ရသည်နှင့် အကြောင်းခြင်းရာအချက်အလက်များအပေါ် အမှန်တရားကို ကောက်ယူသုံးသပ်နိုင်ပါမည်

 

တရားအမှန်ဟူသည်

 

လောကီရေးရာ တရားစီရင်ရေးနယ်ပယ်၊ တရားစီရင်ရေးလုပ်ငန်းများ စစ်ဆေး၊ ကြားနာ၊ စီရင်၊ ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ရာတွင် အခြေခံရမည့် တရားအမှန်သည် လောကပါလတရားဖြစ်သည်ဟု ဆိုနိုင်သည်။ လောကပါလတရား သုံးပါးတွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော တရားသုံးပါး ပါဝင်သည်။ တရားမျှတခြင်းဟူသည် လူမှုဆက်ဆံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှုတို့ကို ဦးတည်သည်။ လွတ်လပ်ခြင်းဟူသည် လွတ်လပ်စွာ တွေးကြံနိုင်မှု၊ လွတ်လပ်စွာ ဖွင့်ဟရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရားကျောင်းကန် စသည်တို့ကိုသွားလာဝတ်ပြုနိုင်မှု၊ လွတ်လပ်စွာ ပရိယေသန ဝမ်းစာရှာမှီးနိုင်မှု၊ လွတ်လပ်စွာ ပြုမူဆောင်ရွက်နိုင်မှုတို့ကို ရည်ညွှန်းသည်။ ညီမျှခြင်းဟူသည် အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေအရာတွင် ညီမျှမှုတို့ကိုလိုလားသည်။ ဤသည်တို့မှာ လောကီရေးရာ တရားအမှန်၏ အခြေခံအနှစ်သဘောဖြစ်သည်။

 

တရားရုံးဟူသည်

 

တရားရုံးဟူသည် တရားအမှန်ဖြစ်သော လောကပါလတရားများ ပေါင်းရုံးတည်ရှိရာနေရာ တစ်နည်းအားဖြင့် လောကပါလတရားများ လွှမ်းခြုံထားသည့်နေရာကို တရားရုံးဟု ခေါ်ဆိုကြခြင်းဖြစ်သည်ဟုဆိုလျှင် မှားအံ့မထင်ပါ။ တရားရုံးများတွင် လောကပါလတရားများ ထာဝရသနေ ̈တည်နေစေရမည်။ တရားအမှန်တွေ အစဉ်အမြဲ ကိန်းဝပ်နေစေရမည်။ ဤသို့ဆိုလျှင် တရားရုံးများကနေ အမှန်တရားဆုံးဖြတ်ချက်တွေ ဖြစ်ထွန်းပေါ်ပေါက်နေမည်သာ ဖြစ်သည်။

 

တရားစီရင်ရေးမှတ်တိုင်သစ်များ စိုက်ထူနေပြီ

 

ယနေ့အချိန်အခါတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး (Court-led Mediation in Civil Suits)ကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် မူတစ်ရပ်ချမှတ်နိုင်ခဲ့သည်။ လုပ်ထုံးလုပ်နည်းများ ရေးဆွဲနေသည်။ ရာဇဝတ်မှုဖြစ်စေ၊ တရားမမှုဖြစ်စေ စစ်ဆေးစီရင်ရာတွင် သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေးအတွက် မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်၍ စတင်စမ်းသပ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ လိုအပ်သည့် ပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ၊ စကားဝိုင်းများကို စနစ်တကျ ကျင်းပပေးလျက်ရှိသည်။ မှုခင်းကြားနာစစ်ဆေးခြင်းများ ပို၍မြန်ဆန်လာတော့မည်။ မှုခင်းစီရင်ဆုံးဖြတ်ချက်များ ပို၍မှန်ကန်လာတော့မည်။

 

တရားရုံးနှစ်စဉ်အစီရင်ခံစာများကို ၂၀၁၆ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင်တစ်ကြိမ် သုံးကြိမ်တိုင် နှစ်အလိုက်ထုတ်ပြန်ပေးနိုင်ခဲ့သည်။ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းများကို ရေးဆွဲရာ၌ (၂၀၁၅-၂၀၁၇) ခုနှစ်ကို သုံးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာအဖြစ်လည်းကောင်း၊ (၂၀၁၈-၂၀၂၂) ခုနှစ်ကို ငါးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာအဖြစ်လည်းကောင်း ရေးဆွဲချမှတ်နိုင်ခဲ့ပြီး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်လျက် ရှိသည်။ တရားစီရင်ရေးဆောင်ရွက်ချက်များကို ပြည်သူတွေပို၍ပို၍ မြင်သာလာတော့မည်။ ပို၍ပို၍ ပွင့်လင်းစွာ မြင်တွေ့လာရတော့မည်။

 

တက်ညီလက်ညီ

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကြီးတစ်ခုလုံး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးသည် တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီးများချည်းသက်သက်နှင့် ဆောင်ရွက်၍ ရနိုင်မည်မဟုတ်ပါ။ တရားသူကြီးများအပါအဝင် တရားစီရင်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက် နေကြရသည့် ဆက်စပ်အဖွဲ့အစည်းများဖြစ်သော တရားစွဲအဖွဲ့အစည်းများ၊ ဥပဒေရုံးအဆင့်ဆင့်မှ ဥပဒေအရာရှိများ၊ ရှေ့နေရှေ့ရပ်များ၊ သက်သေများ အားလုံးတို့ကလည်း ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးကြရပါမည်။ လောကပါလတရားတည်းဟူသော တရားအမှန်ကို ရင်ထဲ နှလုံးသားထဲတွင် စွဲနှစ်ထားကြရပါမည်။

 

ရှေ့နေရှေ့ရပ်များသည် မိမိအမှုသည်၏အကျိုးအတွက်လိုက်ပါဆောင်ရွက်ကြရာ၌ ဥပဒေက ပေးအပ်ထားသော ကင်းလွတ်ချက်များ၊ ခြွင်းချက်များ၊ အခွင့်အရေးများ စသည့်စသည့် သက်သာခွင့်များကို ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ခုခံချေပတောင်းဆို ဆောင်ရွက်ခြင်းဖြင့် တရားရုံး၏ အမှန်တရား အဆုံးအဖြတ်ပြုနိုင်ရေးကိုအထောက်အကူပြုနိုင်ပါသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် ဥပဒေအရာရှိများနှင့် ရှေ့နေရှေ့ရပ်များ၏ ပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍသည် အရေးပါသည်ဟု ဆိုနိုင်သည့်အပြင် အရာရောက်သည်ဟုလည်း ပြောနိုင်ပါသည်။ ဥပဒေအရာရှိများ၊ ရှေ့နေရှေ့ရပ်များသည် မိမိတို့ဆောင်ရွက်ကြရမည့် အခန်းကဏ္ဍ၌ စိတ်ရင်းစေတနာကောင်းဖြင့် တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်မိသည်။

 

တရားစီရင်ရေးလုပ်ငန်းစဉ် ပြုပြင်ပြောင်းလဲလာသည်နှင့်အညီ မိမိတို့၏ စိတ်ရင်းစေတနာ၊ စိတ်ထားများကလည်း ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကြရပါမည်။ တရားရုံးများက တရားအမှန်တွေ လွှမ်းခြုံထားသကဲ့သို့ မိမိတို့အားလုံး၏ ရင်ထဲ နှလုံးသားထဲတွင်လည်း တရားအမှန်တွေ ငြိတွယ်စွဲကပ်နေအောင် လေ့ကျင့်ပျိုးထောင်ယူကြရပါမည်။ မိမိတို့ရင်ထဲတွင် တရားအမှန်တွေ ငြိတွယ်စွဲကပ်နေပါက မိမိတို့၏ စီရင်ဆုံးဖြတ်ဆောင်ရွက်ချက်များသည် အမှန်တရားတွေဖြစ်နေပါမည်။ တရားရုံးများက အမှန်တရားတွေ ဆုံးဖြတ်ပေးနေနိုင်မည်ဆိုလျှင် အများပြည်သူယုံကြည်ကိုးစားသည့် တရားစီရင်ရေးဆီသို့ အရောက်လှမ်းနိုင်ကြမည် ဖြစ်ကြောင်းပါဗျာ။

 

- တရားအမှန်တွေ လွှမ်းခြုံနေသော တရားရုံးများဖြစ်ပါစေ

- အမှန်တရားတွေ စီရင်၊ ဆုံးဖြတ်၊ ဆောင်ရွက်နိုင်ကြပါစေ

- အများပြည်သူ ယုံကြည်ကိုးစားသော တရားစီရင်ရေးဖြစ်ထွန်းနေပါစေ။

 

မောင်စာဂ

 

နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်း ဆောင်ရွက်သည်ဟု ဆိုထားရာ ဥပဒေဆိုင်ရာအကြောင်းအရာများကို ပြည်သူများသိရှိလေ့လာနိုင်ရန် စာရေးသူမောင်စာဂ၏ ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏အာဘော်သာ ဖြစ်ပါသည်။   (စာတည်းအဖွဲ့)