၂၀ မတ်
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများအား မီဒီယာများမှတစ်ဆင့် ပြည်တွင်း၊ ပြည်ပတွင် ပကတိဖြစ်စဉ်မှန်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးဆောင်သည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများသည် ရခိုင်ပြည်နယ် မောင်တောဒေသ၌ ကွင်းဆင်းသတင်းရယူနေကြပြီဖြစ်ရာ ဒေသဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ဒေသနေအခြား ဘာသာဝင်များအား လက်ရှိအခြေအနေနှင့် ဖြစ်စဉ်အမှန်များအား တွေ့ဆုံမေးမြန်းခဲ့ကြသည်။
ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့သည် ဒေသခံတိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာ ကျေးရွာများနှင့် ဌာနများသို့သွားရောက်၍ နေအိမ်များ တည်ဆောက်ပေးနေမှု၊ လက်ရှိနေထိုင်စားသောက်မှု၊ ပြန်လည်နေရာချထားမှု၊ ပြန်လည်ထူထောင်မှု၊ ပြန်လည်လက်ခံမှု၊ အသိအမှတ်ပြုကတ် ရရှိမှုအပါအဝင် တစ်ဖက်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဟိန္ဒူဘာသာဝင်များ ကြုံတွေ့ခဲ့ရသည့် အခြေအနေမှန်များနှင့် ၎င်းတို့ သိလိုသည်များကို လွတ်လပ်ပွင့်လင်းစွာ တွေ့ဆုံမေးမြန်းခဲ့သည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မောင်တောဒေသ ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူဘာသာဝင်တို့က ယမန်နှစ်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ ၎င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့မှုများနှင့် တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ရမှု အခြေအနေများကို သတင်းမီဒီယာများအား အမှန်အတိုင်းဖွင့်ဟ ပြောကြားခဲ့သည်။ ယမန်နှစ်ဖြစ်စဉ်တွင် ဟိန္ဒူဘာသာဝင် ၁၀၂ ယောက်အား အကြမ်းဖက်သမားများ သတ်ဖြတ်ခဲ့မှု၊ ဟိန္ဒူဘာသာဝင် အမျိုးသမီးများအား အတင်းအဓမ္မ ဘာသာပြောင်းခိုင်းမှု၊ စော်ကားခံရမှု၊ အနိုင်ကျင့် ခြိမ်းခြောက်ခံရမှု၊ လိမ်ညာပြောဆိုခိုင်းမှု စသည့် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်များကို ကြားသိခဲ့ရသည်။
ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ယခင်ကလည်း ဖြစ်စဉ်အမှန်များကို မီဒီယာများမှတစ်ဆင့် ကြားသိခဲ့ကြရပြီး ဖြစ်သည်။ သို့သော် ပြည်တွင်းမှ ပျက်စီးရာပျက်စီးကြောင်း အသိပေးပြောကြားမှုများ၊ တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းမှ အစွန်းရောက် အကြမ်းဖက်သမားများနှင့် ဆက်နွှယ်ပတ်သက်သူများနှင့် ခြိမ်းခြောက်ခံရသူများ၊ လှည့်ဖြားစည်းရုံးခံရသူများ၏ မမှန်သတင်းပြောကြားမှုများ၊ မုသားစကားပြောကြားမှုများကို နိုင်ငံတကာ မီဒီယာများက သတင်းအဖြစ်ရယူပြီး ကမ္ဘာသို့ ထုတ်ပြန်ပေးမှုများမှာ ဖြစ်စဉ်အမှန်များအပေါ် ဖုံးလွှမ်းသွားခဲ့သည်။ အကျိုးဆက်မှာ ယင်းမမှန်သတင်းများကို လက်ခံခဲ့သည့် ကမ္ဘာ့နိုင်ငံများ၊ အထူးသဖြင့် ကုလသမဂ္ဂအပါအဝင် အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အကြိမ်ကြိမ်အခါခါ ဖိအားပေးမှုများ၊ အကျပ်ကိုင် တောင်းဆိုမှုများ ပြုလုပ်နေခြင်းနှင့် ကြုံတွေ့နေရသည်။
အမှန်တရားကို မဖော်ထုတ်နိုင်မီ မမှန်တရားများ လွှမ်းမိုးခြင်းကြောင့် အမှန်ကို အမှား မှတ်ယူကြသည်မှာ လောကသဘာဝဟုပင် ဆိုရမလိုဖြစ်သည်။ လောကကျင့်ဝတ်၊ လုပ်ငန်းကျင့်ဝတ်အရ မမှန်သတင်း ဖြန့်ချိသည့် ဌာနများ၊ မမှန်သတင်းကိုလက်ခံကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အနေဖြင့် စိတ်ရင်းမှန်ကန်ပါက အမှန်တရားကို ပြန်လည်ရှာဖွေ ဖော်ထုတ်လေ့လာခြင်းဖြင့် တည့်မတ်ကြရန် လိုအပ်သည်။ လူသားချင်းစာနာ ထောက်ထားမှုကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်ဖို့ လိုအပ်သည်။ မည်သို့ပင် မမှန်တရားကို ဆိုစေကာမူ ရခိုင်ပြည်နယ်အတွင်း အစဉ်အဆက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ ဆင်းရဲဒုက္ခများအား မြန်မာနိုင်ငံအနေဖြင့် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရပ်တည်၍ ကိုယ့်ခွန်ကိုယ့်အားနှင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်းဖြင့် မှန်ကန်မှုကို လက်တွေ့သက်သေပြမည် ဖြစ်သည်။ စိတ်ရှည်သည်းခံမှု၊ အပြန်အလှန်ယုံကြည်မှု၊ သဟဇာတဖြစ်မှုတို့ဖြင့် ပဋိပက္ခများ ရေရှည် ကင်းဝေးစေရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်သည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အမှန်တကယ် ရှိလိုပါမူ မှန်ကန်သည့် သတင်းအချက်အလက်များကိုရယူ၍ လက်တွေ့ပူးပေါင်း ဆောင်ရွက်ခြင်းသည်သာ ရလဒ်ကောင်းဖြစ်ပါကြောင်း။ ။
ကြေးမုံ (အယ်ဒီတာ့အာဘော်)