မန္တလေး အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင်အတွင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မိသားစုမှ စက်ဘီးများလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက ပညာသင်ကြားရာတွင် တန်ဖိုးရှိသည့် အချိန်များ မဆုံးရှုံးအောင် သွားလာရေးခက်ခဲ၍ အမှန်တကယ် လိုအပ်နေသည့် ကျောင်းသား ကျောင်းသူများအတွက် ရည်ရွယ်ကာ တစ်မြို့နယ်လျှင် စက်ဘီး အစီး (၁၀၀) စီးနှုန်းဖြင့် (၂၈) မြို့နယ်အတွက် စုစုပေါင်းအစီးရေ (၂၈၀၀) ကို ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် ပညာ၏တန်ဖိုးကို သဘောပေါက်ပြီး သင်ယူမှု ပတ်ဝန်းကျင်ကောင်းဖြစ်ရန် လိုအပ်သည့်နည်းလမ်းများကို သက်ဆိုင်သူ အားလုံးက ပေါင်းစပ်မြှင့်တင်ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ (၅၆) ဦးကို ဂုဏ်ပြုဆုငွေနှင့် မှတ်တမ်း လွှာများကိုလည်းကောင်း၊ အခြေခံပညာကျောင်းများမှ ဆရာဆရာမများအတွက် ကျောင်းစိမ်း ဝတ်စုံများကိုလည်းကောင်း၊ ကျောင်းသားကျောင်းသူ (၁၀၀) အတွက် စက်ဘီး အစီး (၁၀၀) ကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်