မန္တလေး ၂၂ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေဂဲကျေးရွာအနီး ဇူလိုင် ၂၀ ရက် နံနက်အစောပိုင်းက တာရိုးကျိုးပေါက်မှုကြောင့် ရပ်ကွက်နှင့် ကျေးရွာတချို့တွင် မြစ်ရေဝင်ရောက်ခဲ့ရာ အဆိုပါမြစ်ရေများ အမြန်ဆုံး စုပ်ထုတ်နိုင်စေရေးအတွက် ဝန်ကြီးဌာနတချို့နှင့်အတူ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အဖွဲ့အစည်း အသီးသီးတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇူလိုင် ၂၁ ရက် မွန်းတည့် ၁၂ နာရီမှစတင်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာနမှ တစ်နာရီ ရေဂါလန် ၅ သိန်း စုပ်ထုတ်နိုင်သည့် ရေစုပ်စက် နှစ်လုံးဖြင့် လည်းကောင်း၊ ညနေ ၄ နာရီတွင် နောက်ထပ်၍ ရေစုပ်စက်တစ်လုံး အသုံးပြုကာ တစ်နာရီကို ရေဂါလန် ၁ ဒသမ ၅ သန်းဖြင့် လည်းကောင်း စုပ်ထုတ်ပေးလျက်ရှိပြီး ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် ရေစုပ်စက် ၆ လုံး တပ်ဆင်အားဖြည့်ကာ ရေများကို စုပ်ထုတ်လျက်ရှိသည်။
ထို့ပြင် အဆိုပါရပ်ကွက်များရှိရေများ ပိုမိုလျင်မြန်စွာ လျော့ကျစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တစ်နာရီ ရေဂါလန် ၀ ဒသမ ၅၂ သန်း စုပ်ထုတ်နိုင်သည့် ရေစုပ်စက် ၄ လုံး၊ ဆည်မြောင်းဦးစီးဌာနမှ တစ်နာရီ ရေဂါလန် ၀ ဒသမ ၂၂ သန်း စုပ်ထုတ်နိုင်သည့် ရေစုပ်စက် ၅ လုံးနှင့် တစ်နာရီ ရေဂါလန် ၀ ဒသမ ၂ သန်း စုပ်ထုတ်နိုင်သည့် ရေစုပ်စက် ၂ လုံးတို့ကို ထပ်မံသယ်ယူ တပ်ဆင်မောင်းနှင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်များအားလုံး စွမ်းအားပြည့် မောင်းနှင်စုပ်ထုတ်ပါက တစ်နာရီလျှင် ရေဂါလံ ၃ ဒသမ ၂၅ သန်း စုပ်ထုတ်နိုင်မည်ဖြစ်ကြောင်းနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် တာရိုးကျိုးပေါက်မှုကြောင့် ရပ်ကွက်၊ ကျေးရွာအတွင်း ဝင်ရောက်ခဲ့သည် မြစ်ရေများကို တစ်ပတ်အတွင်း ကုန်ဆုံးကျဆင်းနိုင်စေရန် ရည်မှန်းချက်ထားရှိ ဆောက်ရွက်လျက်ရှိသည်။
တာရိုးကျိုးပေါက်မှုကြောင့် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုအား တားဆီးပိတ်ဆို့နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ရေစိမ့်မှုဝင်ကို လုံးဝစိတ်ချမှုရှိစေရန် မြစ်အတွင်း sheet pile ရိုက်သည့်လုပ်ငန်းကို ဇူလိုင် ၂၂ ရက် ညပိုင်းတွင် အပြီးဆောင်ရွက်ပြီး ဇူလိုင် ၂၃ ရက်တွင် ပိုမိုစိတ်ချမှုရှိစေရန် လမ်း၏အရှေ့ဘက်အခြမ်းတွင် pile ရိုက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မြစ်ဘက်မှ ရေများစိမ့်ဝင်မှုမရှိစေရန် geotextiles membrane အပြင် geobag များပါချ၍ သဲမှုတ်သွင်းလျက်ရှိရာ အဆိုပါလုပ်ငန်းများ ပြီးစီးပါက စိတ်ချရသည့်အဆင့်သို့ ရောက်ရှိနိုင်ပြီဖြစ်ကြောင်း ပြောကြားသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


