မန္တလေး ၁၉ စက်တင်ဘာ
မန္တလေးမြို့ အမရပူရမြို့နယ် တပ်ကြီးကျေးရွာတွင် ဝါတွင်းကာလ ဆီမီးခွက်များကို လှိုင်လှိုင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ တပ်ကြီးရွာမှာ တစ်နှစ်ပတ်လုံး မြေထည်ပစ္စည်းမျိုးစုံကို ပြုလုပ်ပြီး မြန်မာနိုင်ငံ ဒေသအနှံ ဖြန့်ချိလျက်ရှိရာ မြန်မာ့ရိုးရာ အိုးပုတ်မျိုးစုံ၊ မြေစုဘူး၊ သောက်ရေအိုး၊ ညောင်ရေအိုးနှင့် အတူ အခြားမြေထည် ပစ္စည်းမျိုးစုံကို ပြုလုပ်ကြသည်။
ရာသီအလိုက် မြေထည်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရောင်းချရာတွင် ဝါတွင်းကာလ ရိုးရာဆီမီးခွက်များကို တွင်ကျယ်စွာ ထုတ်လုပ်လေ့ရှိသည်။ ဆီမီးခွက်များကို ယခင်ကဆီမီးထွန်းရာတွင် အသုံးပြုခြင်း ဝါတွင်း ဆွမ်းကပ်စဉ်တွင် ဟင်းခွက်များအဖြစ် အသုံးပြုကာ လောင်းလှူခြင်းများ ပြုလုပ်လေ့ရှိသည်။ လက်ရှိ ကာလတွင် ဆီမီးခွက်အဖြစ် အသုံးပြုမှုနည်းပါးပြီး ဝါတွင်းဆွမ်းစဉ်များတွင် ဝါတွင်းကာလရောက်တိုင်း ဆီမီးခွက်များ နှစ်စဉ်အရောင်းသွက်လျက်ရှိကြောင်း ဆီမီးခွက် ထုတ်လုပ်ရောင်းချသူ ဒေသံတစ်ဦးမှပြောပြသည်။
အိုးလုပ်သည့်မြေကို ရှေးယခင်ကနေ ယခုအချိန်အထိ တပ်ကြီးရွာပိုင်မြေမှ တစ်ရွာလုံးရယူလေ့ရှိသည်။ လုပ်အားစိုက်ကာ ကိုယ်တိုင်သယ်ယူလေ့ရှိသည်။ နောက်ပိုင်းတွင် ထော်လာဂျီများဖြင့် သယ်ယူကာ အိမ်တွင် စုပုံထားလေ့ရှိသည်။ ထော်လာဂျီတစ်စီးလျှင် မြေသယ်ခ ငွေကျပ် ၆၅၀ဝ ပေးရသည်။ ညောင်ရေအိုး ပဌာန်းအိုး သင်္ကြန်အိုး၊ ဆီမီးခွက်၊ အိုးပုတ်ချိုးရုပ် စုဘူးများကို ရာသီအလိုက်ပြုလုပ်ကြသည်။
ရွာပိုင်မြေမှမြေများကို အိမ်တွင်စုပုံပြီး လိုသလောက်ကြိတ်ကာ ထုခြေပြီး ရေစိမ်ကြရသည်။ ရေစိမ်ပြီးသည်နှင့် ဆန်ကာနှင့် ဆစ်ကာ အကန့်လေးများ ပြုလုပ်ပြီး ဖြန့်ခင်းလှန်းပေးထားရသည်။ ယင်းနောက် တစ် ညခန့်ထားပြီးသည်နှင့် အိုးလုပ်ရန်ဒေသအခေါ် စက်ပြင်နားတွင် စုပုံကာ မခြောက်စေရန် အဝတ်များဖြင့် ဖုံးထားရသည်။ ထို့နောက် လိုသလောက်ယူကာ မြေထည်ပစ္စည်းများ ပြုလုပ်ပြီး လက်ရှိကာလတွင် ဆီမီးခွက်၊ ပဌာန်းအိုး၊ စုဘူး အရွယ်အစားအမျိုးမျိုး နှင့် သောက်ရေအိုးများကို အဓိကပြုလုပ်နေသည်။
တိမ်တမန်


