မန္တလေး ၂၈ စက်တင်ဘာ
မန္တလေးမြို့ အမရပူရမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်သည့် ကိုင်းမြေများကို စက်စွမ်းအားသုံး ထွန်ယက်ကာ ပဲမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ သိသိသာသာ ကူးပြောင်းလာသည့်ကာလတွင် စက်စွမ်းအား ဝန်ဆောင်မှုပေးသူများ ပိုမိုများပြားလာခဲ့သည်။ ထွန်စက်ဖြင့် ထွန်ယက်ခမှာ တစ်ဧကလျှင် ငွေကျပ်နှစ်သောင်း ပေးရသည်။ လက်ရှိကာလ ဧရာဝတီမြစ်ရေကျချိန် ရာသီခါမီ စိုက်ပျိုးနိုင်ရန်အတွက် နေ့/ည စက်စွမ်းအားသုံးကာ ပဲမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း ထွန်စက်အငှားဝန်ဆောင်မှုပေးသူ ကိုဝင်းထွန်းထံမှ စက်တင်ဘာ ၂၈ ရက်က သိရသည်။
မန္တလေးမြို့ အမရပူရမြို့နယ်တွင် လယ်မြေ၊ ယာမြေ၊ ကိုင်း/ကျွန်း၊ ဥယျဉ်မြေများ မြေယာအသုံးချမှု စာရင်းအရ ၅၁၂၆၈ ဧကရှိပြီး ယခုနှစ်နွေရာသီတွင် ဆည်တော်ကြီးမှ ပေးလွတ်သောရေဖြင့် နွေစပါးစိုက်ဧက ၇၄၈၀ ဧကနှင့် နှမ်း(၄၈၀၀)ဧက စိုက်ပျိုးနိုင်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရေကြည်ပေါက်ရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ရေကြည်ပေါက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ နွေစပါးဧက (၁၂၀)နှင့် နှမ်းစိုက်ဧက (၂၀၀) စုစုပေါင်း (၃၂၀)ဧက လျာထားစိုက်ပျိုးနိုင်ခဲ့သည်။
လက်ရှိကာလ မန္တလေးမြို့ အမရပူရမြို့နယ်တွင် ဆည်တော်ကြီးဆည်ရေမှ ပေးလွတ်သော ရေဖြင့်မိုးစပါး (၁၁၆၅၀)ဧကကို လျာထားစိုက်ပျိုးလျက်ရှိရာ စိုက်ဧက ရာနှုန်းပြည့်နီးပါး ပြီးစီးကာ စပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ အဆိုပါ စိုက်ဧကများထဲတွင် မျိုးစေ့ထုတ်ဧကပေါင်း ၇၄၀ စိုက်ပျိုးခဲ့ပြ CERP အစီအစဉ်ဖြင့် စိုက်ပျိုးသော မျိုးစေ့ထုတ်စိုက်ခင်း တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၁၅၀၅၀၀ ထောက်ပံ့ကြောင်း သိရသည်။
တိမ်တမန်