အမရပူရ ၇ ဒီဇင်ဘာ
မန္တလေးမြို့ အမရပူရမြို့နယ်တွင် ရာသီပေါ်သီးနှံများကို ဈေးကွက်ချိန်ဆ စိုက်ပျိုးလျက်ရှိရာ လက်ရှိကာလ ထိုင်ဝမ်ခရမ်းချဉ်များကို (Green House) စနစ်ဖြင့် စတင်စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း အမရပူရမြို့နယ် စာတိုးကျေးရွာမှ ခရမ်းချဉ်စိုက်တောင်သူ ဦးအောင်ဝင်းထံမှ သိရသည်။
အမရပူရမြို့နယ်အတွင်း ခရမ်းချဉ်စိုက်ပျိုးရာတွင် (Green House) များ တည်ဆောက်ကာ ကနဦး ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ကြသည်။ စိုက်ပျိုးမြေတစ်ဧကခွဲအတွက် (Green House) တည်ဆောက်မှု ကုန်ကျစရိတ်မှာ နေကာမိုးကာအစိမ်း (၁၂)သိန်းကျပ်၊ တိုင်နှင့် ဝါးများအတွက် ငွေကျပ်သိန်း (၆၀)ကျော်နှင့် လုပ်အားခ အပါအဝင် အဆောက်အဦစရိတ် ငွေကျပ်သိန်း (၉၀)ကျော် (၁၀ဝ)နီးပါးကုန်ကျကြောင်း သိရသည်။
ခရမ်းချဉ်တစ်ဧကစိုက်ပျိုးရာတွင် ခရမ်းချဉ်မျိုး လေးထုပ်ပျိုးထောင်ကာ စိုက်ပျိုးပြီး မျိုးစေ့တစ်ထုပ်လျှင် ငွေကျပ် တစ်သောင်းနှစ်ထောင် ပေးရကြောင်း၊ အများအားဖြင့် ခရမ်းချဉ်မျိုး ပရီမီယမ်ဂိုး ၁၁၁ နှင့် နာဗားနားမျိုးများကို အများဆုံးစိုက်ကြကြောင်း၊ ခရမ်းချဉ်ပျိုးထောင်ကာ ပျိုးပင်အသက် ရက်(၂၀)ကျော်တွင်အပင်ခွဲကာ စိုက်ပျိုးကြကြောင်း သိရသည်။
စိုက်ပျိုးမြေတစ်ဧကလျှင် ခရမ်းချဉ်ပျိုးပင် ၅၂၀ဝ ကျော်စိုက်ပျိုးကြောင်း၊ (Green House) စနစ်ဖြင့် ခရမ်းချဉ် စိုက်ပျိုးပြီး ခရမ်းချဉ်ရာသီပြီးသည်နှင့် အခြားရာသီပေါ်သီးနှံများကို (Green House) အတွင်းပင် ဆက်လက်စိုက်ပျိုးမည် ဖြစ်ကြောင်း၊ ခရမ်းချဉ်စိုက်ပျိုးနည်းတွင် နေရာဒေသအလိုက် စိုက်ပင်တစ်ပင်နှင့် တစ်ပင် အကွာအဝေး ပေါ်မူတည်ကာ တစ်ဧကအထွက်နှုန်းကွာခြားပြီး အချို့ဒေသများတွင် ခရမ်းချဉ်တစ်ဧကလျှင် အပင်တစ်သောင်း ဝန်းကျင်စိုက်ပျိုးကာ ပြုစုမှုကောင်းပါက ခရမ်းချဉ်ပိဿာ လေးသောင်းခန့်ထွက်ကြောင်း ခရမ်းချဉ်စိုက်တောင်သူ ဦးအောင်ဝင်းက ပြောသည်။
လက်ရှိကာလ အမရပူရမြို့နယ်တွင် ထိုင်ဝမ်ခရမ်းချဉ်များကို (Green House) စနစ်ဖြင့် စတင်စိုက်ပျိုးကာ ခရမ်းချဉ်ပြီးပါက အခြားသီးနှံကိုလည်း ထပ်မံစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
တိမ်တမန်


