မန္တလေး၊ ၈ ဒီဇင်ဘာ
မန္တလေးမြို့ အမရပူရမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်သည့် ကိုင်းမြေများပေါ် စိုက်ပျိုးထားသော ပဲမျိုးစုံစိုက်ခင်းများ ရေနစ်မြုပ်သည့်အတွက် မြစ်ရေကျချိန် ဒုတိယအကြိမ်မြောက် စက်စွမ်းအားသုံး ထွန်ယက်ကာ ပဲမျိုးစုံ စိုက်ပျိုးခဲ့ရာ ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သရက်တန်းကျေးရွာမှ ပဲစိုက်တောင်သူ ဦးစိန်ပေါထံမှ သိရသည်။
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ သိသိသာသာ ကူးပြောင်းလာသည့်ကာလတွင် ပဲစိုက်ပျိုးခြင်းလုပ်ငန်းအတွက် စက်စွမ်းအား ဝန်ဆောင်မှုပေးသူများ ပိုမိုများပြားလာခဲ့သည်။ ထွန်စက်ဖြင့် ထွန်ယက်ခမှာ တစ်ဧကလျှင် ငွေကျပ်နှစ်သောင်းပေးရသည်။ လက်ရှိကာလ ပဲစိုက်ပျိုးမှုတွင် ထွက်တိုးနီပဲမျိုး စိုက်ပျိုးပြီး ပဲမျိုးတစ်တင်း သုံးသောင်းကျပ်ပေးရသည်။ ပဲစိုက်ဧက တစ်ဧကလျှင် ပဲတစ်တင်းခွဲစိုက်ပျိုးသည်။
မန္တလေးမြို့ အမရပူရမြို့နယ်တွင် လယ်မြေ၊ ယာမြေ၊ ကိုင်း/ကျွန်း၊ ဥယျဉ်မြေများ မြေယာအသုံးချမှု စာရင်းအရ ၅၁၂၆၈ ဧက ရှိသည်။ ယခုနှစ် ဧရာဝတီမြစ်ရေ နှစ်ကြိမ်ဝင်ရောက်သည့်အတွက် တောင်သူများ နှစ်ခါပြန်စိုက်ပျိုးရပြီး ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တိမ်တမန်


