မန္တလေး ၆ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရမြို့နယ်တွင် သက္ကရာဇ် ၁၁၄၄ ခုနှစ်၌ ဘိုးတော်(ဗဒုံမင်း) ပထမဆုံး စတင်နန်းမြို့တည်ထောင်စိုးစံခဲ့ပြီး မင်းခုနစ်ဆက် ထီးနန်းစိုက်ခဲ့သည့် အမရပူရ နန်းမြို့တော်ဟောင်း၏ ယဉ်ကျေးမှုအမွေအနှစ်များကို ၎င်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး တမာတန်းလမ်းရှိ အမှတ်(၂) ပင်မအလုပ်ရုံ(လျှပ်-စက်) ပလစ-၂ အတွင်း၌ တစ်စုတစ်ဝေးတည်း သွားရောက်လေ့လာနိုင်ကြောင်း အမရပူရ မြို့နယ်အတွင်းရှိ မှန်တန်းကွက်သစ်တွင် နေထိုင်သည့် အသက် ၇၀ အရွယ်ရှိ ဦးဘအေးက ပြောသည်။

အဆိုပါနေရာတွင် မြန်မာနိုင်ငံ၌ ကနောင်မင်းသားကြီး ပထမဆုံးတည်ဆောက်ခဲ့သည့် ပေ ၂၀ ပတ်လည်၊ အနက် ပေ ၄၀ ရှိ အုတ်ကန် ခြောက်ကန်ပါ မဲနယ်စက်ရုံနှင့် မီးဖိုဟောင်းတစ်ခုတို့ကို လေ့လာနိုင်ကြမည်ဖြစ်ပြီး ၎င်းစက်ရုံအနီးတွင် အလျား ၆ ပေခန့်၊ အနံ ပေ ၄၀ ကျော်နှင့် အမြင့် ၄၅ ပေကျော်ရှိ ဘိုးတော်(ဗဒုံမင်း) လက်ထက်က တည်ဆောက်ခဲ့သည်ဟု ယူဆရသည့် နန်းမြင့်မျှော်စင်နှင့် အလျား ပေ ၅၀၊ အနံ ပေ ၄၀ နှင့် အမြင့် ၃၅ ပေခန့်ရှိ ရှေးခေတ်လက်ရာ ရွှေတိုက်အဆောက်အအုံတို့ကိုလည်း ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။

“ဒီအမရပူရမြို့နယ်က အရင်တုန်းကတော့ နန်းမြို့တော်တစ်ခုပေါ့။ မန္တလေးရတနာပုံမြို့တည်တော့ အမရပူရမြို့တော်က အဆောက်အအုံတွေကို မြို့တော်သစ်တည်ရာကို ရွှေ့ပြောင်းသယ်ယူသွားတဲ့အတွက် အမွေအနှစ်လက်ရာတွေ ပျောက်ကွယ်သွားခဲ့တယ်။ အခုဒီနေရာတစ်ဝိုက်ဆို နန်းမြို့ရိုးဟောင်းနဲ့ ကျုံးနေရာတွေပေါ့။ ခေတ်ကာလကြာလာတော့လည်း တစ်ဖြည်းဖြည်း ပျက်စီးပျောက်ကွယ်သွားတယ်။ အခုကျန်ရှိနေတဲ့ အဆောက်အအုံနဲ့ စေတီပုထိုးတွေကို သက်ဆိုင်ရာဌာနတွေသာမက ဒေသခံတွေကပါ ဝိုင်းဝန်းထိန်းသိမ်းပေးမယ်ဆိုရင် ရေရှည်တည်တံ့နေမှာပါ”ဟု ၎င်းက ပြောသည်။
ထို့ပြင် ၎င်းအနီးပတ်ဝန်းကျင်၌ အမရပူရမြို့တည်နန်းတည် ဘိုးတော်(ဗဒုံမင်း)၏ ဂူဗိဗာန်(အရိုးအိုးစေတီ)၊ ဘကြီးတော်မင်း၏ ဂူဗိဗာန်(အရိုးအိုးစေတီ)နှင့် သာယာဝတီမင်း၏ ဂူဗိဗာန်(အရိုးအိုးစေတီ)တို့အပြင် မင်းအဆက်ဆက် တည်ထားကိုးကွယ်ခဲ့ကြသည့် အမတ်ကြီး ဦးပေါ်ဦးဘုရား၊ ဘိုးဘိုးအောင်စေတီ၊ ရွှေစံကားမြို့ထောင့်စေတီနှင့် မြပုခက်ဘုရားတို့ကိုလည်း ခေတ်အဆက်ဆက် ဗိသုကာလက်ရာများဖြင့် ကြည်ညိုဖူးမျှော်လေ့လာနိုင်ကြမည် ဖြစ်သည်။
အမရပူရနန်းမြို့ဟောင်း၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အသေးစားပြုပြင်ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့်အပြင် ၂၀၁၈ ခုနှစ်အတွင်း၌လည်း ၎င်းအဆောက်အအုံများနှင့် အနီးပတ်ဝန်းကျင်ရှိ မြက်ပင်များ၊ ခြုံနွယ်ပိတ်ပေါင်းများကို သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း အဆိုပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးလွင်က ပြောကြားသည်။
အဆိုပါဌာနမှ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ရာ၌ အထောက်အကူပြုစေရန် ရည်ရွယ်၍ အမရပူရနန်းမြို့တော်ဟောင်းနှင့် သက်ဆိုင်သည့် သမိုင်းဆိုင်ရာ အချက်အလက်များနှင့် အဆောက်အအုံများစာရင်းကို ၂၀၁၇ ခုနှစ်အတွင်းက စတင်ကောက်ယူခဲ့ပြီး မကြာမှီမှတ်တမ်းပြုစု ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)