အမှတ် (၄) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့အောက် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ အခြားအဆင့်နှင့် မိသားစုဝင်များ စုပေါင်းလှူဒါန်း

စစ်တွေ     စက်တင်ဘာ  ၂၅

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် ကျရောက်မည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်ရှိ အမှတ် (၄)လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့အောက် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ အခြားအဆင့်နှင့် မိသားစုဝင်စုစုပေါင်း (၈၉) ဦးတို့က သွေး (၈၉) လုံးကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

အမှတ် (၄) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့အောက်ရှိ ရဲတပ်ရင်း၊ တပ်ဖွဲ့များမှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင်  စစ်တွေမြို့ ခုတင် (၅၀၀) ဆံ့အထွေထွေ ရောဂါကုဆေးရုံကြီး၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ အမှတ် (၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ ကွပ်ကဲရေးမှူး၊ ရဲမှူးချုပ် ဝင်းဗိုလ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုပေါင်း သွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးကြပြီး အာဟာဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကြသည်။ အလားတူ အမှတ် (၄) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့၊ ကွပ်ကဲရဲမှူး၊ ရဲမှူးချုပ် ဝင်းဗိုလ်နှင့်ဇနီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နှင့် ကျန်းမာရေး ဝန်ထမ်းများကလည်း သွေးလှူဒါန်းကြသူများကို အားဖြည့်အစားအစာများ ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

mdn