ရန်ကုန် ၂၄ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီးသို့ ဧရာတီတိုင်းဒေသကြီးမှ ဝင်ပေါက်တံတား တစ်စင်းဖြစ်သော အမှတ်(၁)ဘုရင့်နောင်တံတားကြီး၏ ရေလယ်တိုင်နှင့် ကမ်းကပ်ခုံများ သံပေါင် အထိုင်ဗယ်ဒင်များကို မလေးရှားနိုင်ငံမှ ကူညီပံ့ပိုးမည်ဖြစ်ရာ အဆိုပါ ရေလယ်တိုင်များအား ငြမ်းဆင်မှုကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ယနေ့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ရေလယ်တိုင်တွေပေါ်မှာ သံပေါင်တွေတင်ထားတဲ့ အထိုင်နဲ့ဗယ်ဒင်တွေ သံချေးစားပြီး ဆွေးလာတာကြောင့် အစားထိုးလဲလှယ်ဖို့ ဆောင်ရွက်နေတာပါ။ မလေးရှားနိုင်ငံက လှူဒါန်းမှာဖြစ်တဲ့အတွက် လက်ရှိမှာ ရေလယ်တိုင်တွေကို ငြမ်းဆင်နေပါပြီ။ သင့်တော်တဲ့ ဗယ်ဒင်အမျိုးအစားကို အစားထိုးဖို့ကမ်းလှမ်းထာတာကြောင့် ပစ္စည်းတွေ ရောက်လာရင် နိုင်ငံခြားပညာရှင်တွေနဲ့ ကျွန်တော်တို့ပူးပေါင်းပြီး အစားထိုး တပ်ဆင်သွားမှာပါ”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးအထူးအဖွဲ့ (၁၀)မှ ဒုတိယ ညွှန်ကြားရေးမှူးဦးမြင့်ဝင်းက ပြောကြားသည်။
လှိုင်မြစ်အား ဖြတ်သန်းဆက်သွယ်ထားသော အမှတ်(၁)ဘုရင့်နောင်တံတားအား (၁၉၉၄)ခုနှစ်တွင် ပထမဆုံးမြစ်ကူးတံတားကြီး တစ်စင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းရန် အထူးအားထားရသော တံတားကြီးတစ်စင်းဖြစ်ခဲ့သည်။
(၂၅)နှစ်ကြာ သက်တမ်းရှိပြီဖြစ်သည့် အဆိုပါတံတားကြီး တံတားကြံ့ခိုင်မှုရှိစေရန် ရေလယ်တိုင်( ၄)ခုနှင့် ကမ်းကပ်ခုံ(၂)ခု၏ သံပေါင် အထိုင်များ ဆွေးမြည့်လာမှုကြောင့် ဗယ်ဒင်များကို အသစ်လဲလှယ်မည်ဖြစ်ရာ မလေးရှားနိုင်ငံမှ ဆောက်လုပ်ရေး ပညာရှင်များ မည်သည့်အမျိုးအစားနှင့်ကိုက်ညီကြောင်း လာရောက်လေ့လာပါက အသင့် ကြည့်ရှုနိုင်ရန် တံတားရေလယ်တိုင်(၄)ခုအား သံဖရိမ်ငြမ်းစင်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ တံတားတွင် ယာဉ်တိုက်မှုကြောင့် ပျက်စီးနေသော ဘလောက်တုံးများနှင့် သံပန်းတန်းများ အစားထိုးဆောင်ရွက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားပြီးဖြစ်၍ ဆေးသုတ်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီတတိယပတ်မှစ၍ အမှတ်(၁)ဘုရင့်နောင်တံတား၏ ရေလည်တိုင်နှင့်ကမ်း ကပ်ခုံသံပေါင်အထိုင်များကိုအစားထိုး ဆောင်ရွက်ပြင်ဆင်လျက်ရှိရာ ရေလည်တိုင်(၂)ခု ငြမ်းဆင်ခြင်း လုပ်ငန်းပြီးစီးနေပြီ ဖြစ်သည်။
သန်းထိုက်၊ ဓာတ်ပုံ-သန်းစိုး