နေပြည်တော် ဒီဇင်ဘာ ၁၃
အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)၌ အမှတ်စဉ်(၄၀) စက်မှုကျွမ်းကျင် ၂ နှစ် သင်တန်း နှင့် အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)၌ အမှတ်စဉ်(၁၄) စက်မှုကျွမ်းကျင် ၁ နှစ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်း ကျောင်းများ၌ ကျင်းပသည်။
အခမ်းအနားများသို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် စက်မှုဝန်ကြီး ဌာနမှတာဝန်ရှိသူများ တက်ရောက်ကြပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual ဖြင့် တက်ရောက်သည်။
အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)၏ အမှတ်စဉ်(၁၄) စက်မှုကျွမ်းကျင် တစ်နှစ် သင်တန်း သင်တန်းဆင်းပွဲ၌ တာဝန်ရှိသူများက ဘာသာရပ်အလိုက် သင်တန်းဆင်း လက်မှတ်များကို လည်းကောင်း၊ ဒုတိယဝန်ကြီးက စံပြဆုနှင့် ဘာသာရပ်အလိုက် ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းတွင် လက်တွေ့ဆောင်ရွက်ခဲ့သည့် သင်တန်းဆင်း Project များကို လှည့်လည် အားပေးကြည့်ရှုကာ သင်တန်းဆင်း Project ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေး အပ်ချီးမြှင့်သည်။
ထို့အတူ အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)၏ အမှတ်စဉ်(၄၀)စက်မှုကျွမ်းကျင် နှစ်နှစ်သင်တန်း၌ တာဝန်ရှိသူများက ဘာသာရပ်အလိုက် သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ ဘာသာရပ်အသီးသီးတွင် သင်တန်းသားစံပြဆုနှင့် ထူးချွန်ဆုရ သင် တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းတွင် လက်တွေ့ဆောင်ရွက်ခဲ့သည့် သင်တန်းဆင်း Project များကို လှည့်လည် အား ပေးကြည့်ရှုကာ သင်တန်းဆင်း Project ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် ဆင်တဲ၊ မန္တလေး၊ သာဂရ၊ ပခုက္ကူ၊ မကွေးနှင့် မြင်းခြံမြို့တို့တွင် စက်မှုသင်တန်းကျောင်း (၆) ကျောင်းကို ဖွင့်လှစ်၍ အရည်အချင်းပြည့်ဝသည့် စက်မှုကျွမ်းကျင်လုပ်သားများကို နှစ်စဉ်လေ့ကျင့် မွေးထုတ်ပေးလျက်ရှိပြီး အသက်မွေးဝမ်းကျောင်းပညာရေးအနေဖြင့် လခစားဝန်ထမ်းအဖြစ် သာမက လုပ်ငန်းရှင်ငယ်များအဖြစ်ပါ စွန့်ဦးတီထွင်နိုင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချ နိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။
အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ) အနေဖြင့် သင်တန်းအမှတ်စဉ်(၃၉)ခု ဖွင့်လှစ်၍ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၆၃၃)ဦးကို အောင်မြင်စွာ မွေးထုတ်ပေး နိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိသူ (၄၄၆၃) ဦးရှိသဖြင့် ၉၆ ဒသမ ၃၃ ရာခိုင်နှုန်း အလုပ်အကိုင်ရရှိ ခဲ့သည့်အပြင် ယခု အမှတ်စဉ်(၄၀) သင်တန်းတွင် Electrical Fitter ၊ Machine Tool Operator ၊ Information Technology ၊ Tool & Die Maker ၊ Machinery Fitter ၊ Mechanical Draughtsman ၊ Motor Vehicle Mechanic နှင့် Pattern Maker ဘာသာရပ် တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းသား(၁၂၇)ဦးနှင့် သင်တန်းသူ(၂၇)ဦး စုစုပေါင်း (၁၅၄)ဦးတို့ကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်နိုင်ခဲ့သည်။
အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ) အနေဖြင့် သင်တန်းအမှတ်စဉ် (၁၃)ခု ဖွင့်လှစ်၍ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၆၀၃)ဦးကို အောင်မြင်စွာ မွေးထုတ်ပေး နိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိသူ (၁၅၆၇) ဦးရှိသဖြင့် ၉၇ ဒသမ ၇ ရာခိုင်နှုန်း အလုပ် အကိုင်ရရှိ ခဲ့သည့်အပြင် ယခု အမှတ်စဉ်(၁၄) သင်တန်းတွင် Machinery, CAD/CAM, Electrical, Electronics နှင့် Foundry ဘာသာရပ်တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်း သား(၃၅)ဦးနှင့် သင်တန်းသူ (၅၀)ဦး စုစုပေါင်း (၈၅)ဦးတို့ကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


