မိုးညှင်း ၉ စက်တင်ဘာ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအဝင် သဲလမ်းအနီးတွင် စက်တင်ဘာ ၈ ရက် ည ၁၁ နာရီ မိနစ် ၂၀ က မြစ်ကြီးနား-မန္တလေး အမှတ်(၅၇) အစုန်မန္တလာရထားအား အမျိုးသားတစ်ဦးက ခဲဖြင့်ပေါက်ခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းက ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက် ညနေ ၄ နာရီက မြစ်ကြီးနားဘူတာမှ မန္တလေးဘက်သို့ စက်ခေါင်းမောင်း ဦးဝင်းနိုင်(၂)၊ ရထားထိန်း ဦးအောင်မြင့်နိုင်၊ ရထားလုံခြုံရေး ရဲဒုတက ကျော်မြင့်နိုင်တို့ လိုက်ပါစီးနင်း မောင်းနှင်လာသည့် အမှတ် (၅၈) အစုန်မန္တလာရထားသည် မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စု၊ မော်ဟန်ကျေးရွာအဝင်၊ သဲလမ်းအနီး ရထားမိုင်တိုင်အမှတ် ၆၁၈/၁၀နှင့် ၁၁ ကြား၌ ည ၁၁ နာရီ မိနစ် ၂၀ တွင်ရောက်ရှိခဲ့ရာ ခေတ္တရပ်နားစဉ် ဆက်လက် ထွက်ခွာရန်အတွက် ဘရိတ်/လေ တို့ကို စစ်ဆေးခဲ့ပြီး မော်ဟန်ဘူတာဘက်သို့ ဆက်လက်ထွက်ခွာလာစဉ် ရထား၏ ရိုးရိုးတန်းတွဲ အမှတ်(၃) ခုံအမှတ်-၂၅/၂၆၊ အနီးရထားပြတင်းပေါက်မှန်အား မောင်ကျော်လင်းထက် ၁၇နှစ် ဘူတာစုရပ်ကွက်၊ မိုးညှင်းမြို့နယ်နေသူမှ ကျောက်ခဲဖြင့် ပစ်ပေါက်ခဲ့ရာ ရထားပြတင်းပေါက်မှန် ကွဲသွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ရထားခဲပေါက်သူ ကျော်လင်းထက် ၁၇ နှစ်အား မိုးညှင်းမြိုမရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
နီတိုး