အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ပဲခူးတပ်နယ်မှ တပ်မတော်သားများ ပဲခူးဘူတာကြီးနှင့် ယာဉ်ဝန်းသစ်တို့တွင် ပိုးသတ်ဆေးဖျန်း

ပဲခူး ၂ ဧပြီ

အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ပဲခူးတပ်နယ်မှ တပ်မတော်သားများသည် ပဲခူးမြို့ပေါ်လူစည်ကားရာ နေရာအချို့တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိစေရန် ပိုးသတ်ဆေးဖျန်းပေးခြင်းများ ပြုလုပ်ကြသည်။

အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ပဲခူးတပ်နယ်မှ တပ်မတော်သားများသည် ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစပ်မှုမရှိစေရေး၊ ရောဂါပိုးပြန့်ပွားမှုမရှိစေရေးအတွက်  ပဲခူးမြို့ မီးရထားဘူတာရုံပရဝဏ်အတွင်းနှင့် ယာဉ်ဝန်းသစ်အတွင်းရှိ ကားဂိတ်များ၊ လမ်းမများ၊ မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူနားခိုရာ နေရာများအား ပိုးသတ်ဆေးများလိုက်လံ၍ ပက်ဖျန်းပေးခဲ့ကြသည့်အပြင် မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပရဟိတအသင်းအဖွဲ့များမှလည်း ပဲခူးမြို့ပေါ်ရှိ ဈေးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ရုံးအဆောက်အဦးများ၊ ရပ်ကွက်များအတွင်းရှိလမ်းမကြီးများတို့ကိုလည်း ပိုးသတ်ဆေးများ ဖျန်းပေးကြကြောင်း သိရသည်။

 

‌ေ

 

ပဲခူးတိုင်းဒေသကြီးတွင် ဧပြီ ၁ ရက်နေ့၊ မွန်းတည့် ၁၂  နာရီအထိ  စုစုပေါင်း Facility Quarantine (၆၄၅)ခု ရှိပြီး အဆိုပါ Facility Quarantine အတွင်း နေထိုင်သူ မြန်မာနိုင်ငံသားစုစုပေါင်း ၈၅၅၃ ဦးရာ ဝန်ထမ်းအင်အား ၃၈၆၀ ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၃၅)ဦးအား  ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)