“ပြည်သူအချင်းချင်းနှင့်ပတ်သက်သော အမှုကိစ္စများကို ဥပဒေဘောင်အတွင်း၌ ကျေအေးပြီးပြတ် စေရေး”ဟူသည် တရားစီရင်ရာတွင်အခြေခံရမည့် ဆဋ္ဌမမြောက်အခြေခံမူ ဖြစ်သည်။ ဤအခြေခံမူအရ အမှုကိစ္စများကို ကျေအေးပြီးပြတ်စေရေးဆိုရာတွင် ပထမအချက် ပြည်သူအချင်းချင်းနှင့် ပတ်သက်သော အမှုကိစ္စဖြစ်ရမည်။ ဒုတိယအချက် ဥပဒေဘောင် အတွင်းက ကျေအေးပြီးပြတ်ခြင်းဖြစ်ရမည် ။ အနှစ်ချုပ်၍ မျှဝေပါရစေ။ 

ပြည်သူအချင်းချင်းနှင့်ပတ်သက်သော အမှုကိစ္စများ 

ရာဇဝတ်မှုခင်းများသည် ယေဘုယျအားဖြင့် နိုင်ငံတော်နှင့် သက်ဆိုင်သည်။ နိုင်ငံတော်က တရားလိုဖြစ်သည်။ ရာဇဝတ်မှုဖြစ်ပွားခြင်းကို သရုပ်ခွဲကြည့်လျှင် ပြည်သူတစ်ဦးနှင့် တစ်ဦး ခိုက်ရန်ဖြစ်ပွားမှု၊ ခြိမ်းခြောက်မှု၊ နာကျင်စေမှု၊ ပိုင်နက်ကျူးလွန်မှု၊ အလွဲသုံးစားမှု၊ လိမ်လည်မှု၊ခိုးမှု စသည်ကဲ့သို့ မှုခင်းများသည် ပြည်သူအချင်းချင်းဖြစ်ပွားသော မှုခင်းများဖြစ်သည်။ မူးယစ်ဆေးဝါး မှုခင်းများ၊ လူကုန်ကူးမှုများ၊ လူမှောင်ခိုမှုများ၊ လောင်းကစားမှုခင်းများ၊ လက်နက်မှုများ စသည်ကဲ့သို့ မှုခင်းများသည် ပြည်သူအချင်းချင်းသာမက ပြည်သူအများနှင့် နိုင်ငံတော်ကိုပါ ထိခိုက်ရာရောက်စေသည့် မှုခင်းများဟု ဆိုနိုင်သည်။ 

အမှုကိစ္စများကျေအေးပြီးပြတ်စေခြင်း 
နည်းလမ်းနှစ်သွယ်

 အမှုကိစ္စများ ကျေအေးပြီးပြတ်အောင် ဆောင်ရွက်ရာ၌ နည်းလမ်းနှစ်သွယ် ပြဋ္ဌာန်းထားရာ ပထမနည်း လမ်းကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၅ (၁)တွင် ဇယားဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည်။ ပထမစာတိုင်တွင် ပြစ်မှုအမျိုးအစား၊ ဒုတိယစာတိုင်တွင် ယင်းပြစ်မှု၏ ပုဒ်မ။ တတိယစာတိုင်တွင် ပြစ်မှုကို ကျေအေးနိုင်သူဟု ဖော်ပြထားသည်။ အချို့ကို ဖော်ပြရလျှင် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှု ၊ ပုဒ်မ  ၃၅၂/၃၅၅/၃၅၈ ကို လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှု ကျူးလွန်ခြင်းခံရသူက ကျေအေးခြင်းပြုနိုင်မည်။ ခုနစ်နှစ်အထိ ထောင်ဒဏ် ထိုက်သော ပြစ်မှုမှတစ်ပါး ပြစ်မှုမကင်းသော ခြောက် လှန့်မှု၊ ပုဒ်မ ၅၀၆ ကို ခြောက်လှန့်ခြင်းခံရသူက ကျေအေးနိုင်သည်။ 

ဒုတိယနည်းလမ်းကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅ (၂)တွင် ဇယားဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည်။ ပထမစာတိုင်တွင် ပြစ်မှုအမျိုးအစား၊ ဒုတိယစာတိုင်တွင် ယင်းပြစ်မှု၏ ပုဒ်မ။ တတိယစာတိုင်တွင် ပြစ်မှုကို ကျေအေးနိုင်သူဟု ဖော်ပြထားသည်။ အချို့ကို ဖော်ပြရလျှင် နာကျင်စေမှု၊ ပုဒ်မ ၃၂၃ ကို နာကျင်စေမှု ပြုလုပ်ခြင်းခံရသူက ကျေအေးနိုင်သည်။ သူတစ်ပါး အယောင်ဆောင်၍ လိမ်လည်မှု၊ ပုဒ်မ ၄၁၉ ကို လိမ် လည်ခြင်းခံရသူက ကျေအေးနိုင်သည်။ 

 

ကျေအေးခြင်းနည်းလမ်းနှစ်သွယ်၏ခြားနားချက် 
ပထမနည်းလမ်းဖြစ်သည့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၅ (၁)၏ ဇယားတွင်ပါရှိသော ကျေအေးနိုင်သော ပုဒ်မများနှင့် စပ်လျဉ်း၍ ကျေးအေးနိုင်ခွင့်ရှိသောသူက ကျေးအေးလိုကြောင်း တရားရုံးကသို့ လျှောက်ထားလာသည့်အခါ တရားသူကြီးက မဖြစ်မနေကျေအေးခွင့် ပေးရသည်။ ဒုတိယနည်းလမ်းဖြစ်သည့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ  ၃၄၅ (၂) ၏ ဇယားတွင်ပါရှိသော  ကျေအေးနိုင်သော ပုဒ်မများနှင့်စပ်လျဉ်း၍ ကျေအေးနိုင်ခွင့်ရှိသောသူက ကျေအေးလိုကြောင်း လျှောက်ထားသည့်အခါ တရားသူကြီးက ကျေအေးခွင့်ပြုသင့် မသင့် မှုခင်းဖြစ်ရပ်အပေါ် ဆင်ခြင်စဉ်းစားရသည်။ ကျေအေးခွင့်ပြုကြောင်း အမိန့်ချမှတ်မှသာ ကျေးအေးခွင့်ရရှိပါမည်။ 

 

ကျေအေးခြင်းဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များ 

ပြစ်မှုတစ်ခုသည် ကျေအေးနိုင်သည့်ပြစ်မှုဖြစ်လျှင် အဆိုပါပြစ်မှုကို အားပေးကူညီမှု၊ ကျူးလွန်ရန် အား ထုတ်မှုတို့ကိုလည်း အလားတူကျေအေးနိုင်သည်။
ပြစ်မှုတစ်ခုကို ကျေအေးနိုင်သူမှာ အသက်တစ်ဆယ့် ရှစ်နှစ်အောက် သို့မဟုတ် ဝမ်းတွင်းရူးသူ သို့မဟုတ် ရူးသွပ်သူဖြစ်နေလျှင် ၎င်းကိုယ်စား ပဋိညာဉ်ပြုရန် အရည်အချင်းရှိသူသည် တရားရုံး၏ခွင့်ပြုချက်ဖြင့် ကျေအေးနိုင်သည်။ တရားခံအား ပြစ်မှုထင်ရှားစီရင်ပြီး၍ အယူခံတင်သွင်းထားလျှင်  ယင်းအယူခံမှုကို ကြားနာမည့် တရားရုံး၏ ခွင့်ပြုချက်မရဘဲ ကျေအေးခွင့် မပြုရပါ။ 

တရားလွှတ်တော်သည် မိမိ၏ ပြင်ဆင်မှုအာဏာများကို ကျင့်သုံးလျက် ကျေအေးခွင့်ပြုနိုင်သည့် မည်သည့်ပြစ်မှုကိုမဆို ကျေအေးခွင့်ပြုနိုင်သည့် အရည်အချင်းရှိသူအား ကျေအေးခွင့်ပြုနိုင်သည်။ ပြစ်မှုတစ်ရပ်ကို ကျေအေးခြင်းသည် ကျေအေးပေးလိုက်သည့်ပြစ်မှုနှင့်စပ်လျဉ်းသည့် တရားခံအား အမှုမှအပြီးအပြတ်လွှတ်သည့် အကျိုးသက်ရောက်စေရမည်။ “ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၅ ပုဒ်မ ခွဲ (၃) မှ (၆) အထိ” 

 

အမှုများရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ 

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅ (၁) နှင့် ၃၄၅ (၂) တို့တွင် ပြဌာန်းထားသော ကျေအေးနိုင်သော ပုဒ်မမျိုးမဟုတ်ခဲ့လျှင် ရုပ်သိမ်းခြင်းနည်းလမ်းဖြင့်အမှုက ပြီးပြတ်အောင်ဆောင်ရွက်နိုင်သည်။ ထိုသို့ရုပ်သိမ်း ခြင်းကိစ္စအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၄၈ တွင် တိုင်တန်းသူ တစ်ဦးတစ်ယောက်သည် ဤအခန်း အရ အမှုတစ်စုံတစ်ရာကို အပြီးသတ်အမိန့်မချမီ မည်သည့်အဆင့်တွင်မဆို တရားရုံး၏ခွင့်ပြုချက်ဖြင့် ရုပ်သိမ်းနိုင်ကြောင်းနှင့် ပုဒ်မ၄၉၄တွင် အစိုးရရှေ့နေသည် အမှုတစ်ခုကို ကြားနာစစ်ဆေးနေစဉ် တရားခံ အပေါ်စွဲဆိုထားသော ပြစ်မှုများအနက် ပြစ်မှုတစ်ရပ်နှင့်စပ်လျဉ်း၍ဖြစ်စေ၊ ပြစ်မှုအများနှင့်စပ်လျဉ်း၍ဖြစ်စေ တရားရး၏သဘောတူညီချက်ဖြင့် ရုပ်သိမ်းနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ 

 

ပြည်ထောင်စုရှေ့နေချုပ်သည် တရားရုံးတွင် စွဲဆိုထားသော ပြစ်မှုဆိုင်ရာ အမှုနှင့် စပ်လျဉ်း၍ မည်သည့်အဆင့်တွင်မဆို ရုပ်သိမ်းနိုင်ကြောင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် တရားရုံးတွင် စွဲဆိုထားသော ပြစ်မှုဆိုင်ရာအမှုများနှင့်စပ်လျဉ်း၍ မည်သည့် အဆင့်တွင်မဆို ရုပ်သိမ်းခြင်းပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ “ပြည်ထောင်စုရှေ့နေချုပ်နည်း ဥပဒေ ၁၂၇ (က) နှင့် (ခ)”

 

ထို့ပြင် မြို့နယ်ဥပဒေအ ရာရှိသည် ရာဇသတ်ကြီးနှင့် အထူးဥပဒေတစ်ရပ်ရပ်အရ ထောင်ဒဏ်ခုနှစ်နှစ်အထိ ချမှတ်နိုင်သည့် ပြစ်မှုများကိုလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိသည် ထောင်ဒဏ် ခုနစ်နှစ်နှင့်အထက်မှ ၁၀ နှစ်အထိချမှတ်နိုင်သည့် ပြစ်မှုများကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေအရာရှိသည်  မြို့နယ်နှင့်ခရိုင်ဥပဒေအရာရှိများက ရုပ်သိမ်းရန် ဆုံးဖြတ်ခွင့်မရှိသော ပြစ်မှုများကိုလည်းကောင်း၊ ရုပ်သိမ်းခြင်းပြုနိုင်ကြောင်းနှင့်  ထိုသို့ဆောင်ရွက်သည့်အခါ မည်သို့လိုက်နာရမည့် နည်းလမ်းများကိုလည်းကောင်း ပြဋ္ဌာန်းထားသည်။ ‘နည်းဥပဒေ ၁၂၂၊ ၁၂၃’

 

 ရုပ်သိမ်းခွင့်ပြုခြင်းအကျိုးသက်ရောက်မှု 

သက်ဆိုင်ရာ ဥပဒေရုံးက အမှုရုပ်သိမ်းခွင့်ပြုကြောင်း ဆုံးဖြတ်၍ ရုပ်သိမ်းခွင့်ပြုနိုင်ရန် တရားရုံးသို့ တင်ပြ လျှောကထားသည့်အခါ တရားသူကြီးက ရုပ်သိမ်းခွင့်ပြုကြောင်း ဆုံးဖြတ်ချက်ချမှတ်မှသာလျှင်  အမှုရုပ်သိမ်း ခြင်းပြီးမြောက်သည် ။ ထိုသို့ရုပ်သိမ်းခြင်းသည် စွဲချက် မတင်မီ ရုပ်သိမ်းခြင်းဖြစ်လျှင် တရားခံအား စွဲချက် မတင်မီ တရားရုံးက လွှတ်ရသည်။ တရားရှင်လွှတ်ခြင်းဖြစ်သည်။ ယင်းအမှုနှင့်စပ်လျဉ်း၍ ပြန်လည်စွဲဆို နိုင်သည့် သဘောဖြစ်သည်။ စွဲချက်တင်ပြီးနောက်မှ ရုပ်သိမ်းခြင်းဖြစ်လျှင် တရားရုံးက တရားခံအား အမှုမှ အပြီးအပြတ်လွှတ်ရမည်။ ယင်းအမှုနှင့် စပ်လျဉ်း၍ ထပ်မံမစွဲဆိုနိုင်တော့သည့် သဘောဖြစ်သည်။ 

 

အမှုကိုရုပ်သိမ်းရန်သင့်-မသင့် 
ဥပဒေရုံးများက ဆုံးဖြတ်ရန်အချက်များ 

သက်ဆိုင်ရာဥပဒေချုပ်နှင့် တာဝန်ခံဥပဒေအရာရှိသည် အောက်ပါ အခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်ခြင်း ရှိမရှိ စိစစ်၍ အမှုကိုရုပ်သိမ်းရန် သင့်-မသင့် ဆုံးဖြတ် ကြရသည်- ‘ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေ ၁၂၅ ‘

 (က) ဥပဒေဆိုင်ရာလိုအပ်ချက်တစ်ရပ်ရပ်အရ အမှုရုပ်သိမ်းခြင်းပြုရန် လိုအပ်ခြင်း၊
 ( ခ) ပေါ်ပေါက်သည့် သက်သေခံချက်အရ ပြစ်မှုမမြောက်ကြောင်း ထင်ရှားပေါ်ပေါက်ခြင်း၊
( ဂ) ပြစ်မှုထင်ရှားပေါ်လွင်စေရန် တရားလို ဘက်မှ သက်သေနှင့် သက်သေခံအထောက်အထားများ မတင်ပြနိုင်ခြင်း၊ 
(ဃ) တရားခံတစ်ဦးဦးကို တရားလိုပြသက်သေ အဖြစ် ပြောင်းလဲအသုံးပြုရန် အကြောင်း ပေါ်ပေါက်သဖြင့် အဆိုပါတရားခံကို အမှုမှ ရုပ်သိမ်းရန် လိုအပ်ခြင်း၊
 ( င) အမှုသည်အချင်းချင်း ကျေနပ်မှုရရှိကြပြီဖြစ်၍သော်လည်းကောင်း၊ သွေးရင်းသားရင်း များဖြစ်၍သော်လည်းကောင်း အမှုကို ဆက်လက် စစ်ဆေးပါက အကျိုးထူးဖွယ်ရာမရှိကြောင်းနှင့် အမှန်တရားကို ထုတ်ဖော် ပြောဆိုမည်မဟုတ်ကြောင်း ပေါ်ပေါက်ခြင်း၊ 
(စ) အမှုရုပ်သိမ်းခြင်းအားဖြင့် အလားတူအမှုမျိုး ထပ်မံဖြစ်ပွားစေရန် အကြောင်းမရှိခြင်း။

ထာဝစဉ်ရှင်သန်နိုင်ပါစေ

တရားရုံး၏ခွင့်ပြုချက်ဖြင့် ကျေအေးနိုင်သောပြစ်မှု များက ကျေအေးရန် လျှောက်ထားလာသည် အခါတွင်လည်းကောင်း၊ ကျေအေးခွင့်မရှိသဖြင့် ရုပ်သိမ်းခွင့်ပြုရန် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၄၈ အရ တိုင်တန်းသူက လျှောက်ထားလာသည့်အခါတွင်လည်းကောင်း၊  ပုဒ်မ ၄၉၄ အရ သက်ဆိုင်ရာ ဥပဒေရုံးက လျှောက်ထားလာသည့်အခါတွင်လည်းကောင်း၊ တရားရုံးများသည် အထူးအလေးထား၍ စဉ်းစားဆင်ခြင် သုံးသပ်ဆုံးဖြတ်ကြရသည်။ ဥပဒေဘောင်အတွင်း ဆောင်ရွက်ကြရသည်။ ဤသို့ဖြင့် ပြည်သူအချင်းချင်းနှင့် ပတ်သက်သောအမှု ကိစ္စများကို ဥပဒေဘောင်အတွင်း၌ ကျေအေးပြီးပြတ်စေရေးဆိုသည်ကို လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ထာဝရတည်တံနေအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်သည်။ ပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီး စည်းလုံးမှု မပျက်ပြားရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဦးတည်လျက် ဥပဒေ ဘောင်အတွင်းက စီရင်ဆုံးဖြတ်ဆောင်ရွက်ကြခြင်းဖြင့် “ပြည်သူအချင်းချင်းနှင့်ပတ်သက်သောအမှုများကို ဥပဒေဘောင်အတွင်း၌ ကျေအေးပြီးပြတ်စေရေး” အခြေခံမူ ထာဝစဉ်ရှင်သန်နေစေလိုကြောင်းပါ။ 

ပြည်သူအချင်းချင်းအမှုကိစ္စများကို ဥပဒေဘောင် အတွင်းက ကျေအေးပြီးပြတ်နိုင်ကြပါစေ၊
 ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ဦးတည်ဆောင်ရွက်နိုင်ကြပါစေ၊ 
တရားစီရင်ရေးဆိုင်ရာ အခြေခံမူများ ထာဝစဉ် ရှင်သန်နိုင်ပါစေ။ ။

ကြေးမုံ