ထိခိုက်နာကျင်မှု ခံစားနေရသောအခါ၌လည်းကောင်း၊ စိုးရိမ်ပူပန်မှုကြုံတွေ့ နေရသောအခါ၌လည်းကောင်း၊ စိတ်နှလုံးညှိုးငယ် မွန်းကျပ်နေသောအခါ၌ လည်းကောင်း မေတ္တာတရား၊ ကရုဏာတရားများသည်သာ စိတ်ဓာတ်ခွန်အား တစ်ရပ်ဖြစ်စေပြီး ကြုံတွေ့ခံစားနေရမှုများအားလုံးကို အတိုင်းအတာတစ်ခု အထိ အေးငြိမ်းချမ်းသာ သာယာချမ်းမြေ့မှုကို ဖြစ်စေနိုင်ပါသည်။
ယနေ့ကာလတွင် အများပြည်သူတို့မှာ ကိုယ်စိတ်နှစ်ပါး အေးချမ်း သာယာမှုကို အထူးလိုအပ်နေသော အခါကာလဖြစ်ပါသည်။ ထိုကာလတွင် လူအချင်းချင်း မေတ္တာသက်ဝင်ရှိရမည့်အစား အမုန်းစကားများဖြင့် ရန်ငြိုး ပွားပြီး သောကအပူမီးကို ထပ်တိုးလောင်မြိုက်စေမည့် အပြုအမူများကိုရှောင်ရှားကြဖို့လိုမည် ဖြစ်သည်။ ယနေ့ကာလတွင် လူအချင်းချင်းဆက်ဆံ ခြင်းမှဖြစ်စေ၊ လူမှုကွန်ရက်အချင်းချင်း ထိတွေ့ခြင်းမှဖြစ်စေ အမုန်းတရား များ တိုးပွားစေမည့် ပြုမူဆက်ဆံမှုများရှိလာသည်ကို တွေ့ရပါသည်။
"အမုန်းစကား" ဆိုသည်မှာ လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား၊ မ သို့မဟုတ် မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့် သို့မဟုတ် မလိုမုန်းထားမှုကိုဖော်ပြသည့် ဆက်ဆံမှုတစ်မျိုးမျိုး ကိုရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည်လည်း အမုန်းစကားပင် ဖြစ်ပါသည်။
အမုန်းစကားပြန့်ပွားခြင်းသည်လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှု နှင့် အကြမ်းဖက်မှုတို့ကို ဖြစ်ပေါ်စေပြီး လူ့အသိုက်အဝန်းအတွင်း ဂုဏ်သိက္ခာ ရှိစွာနေထိုင်နိုင်ရန်နှင့် ငြိမ်းချမ်းပြီး ညီညွတ်သည့်လူ့အဖွဲ့အစည်း တည်ဆောက်ရန် မျှော်မှန်းချက်တို့ကို ထိခိုက်စေသည့်အပြင် လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တတို့ကိုလည်း ထိခိုက်စေပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ စုစည်းနေထိုင်သည့် လူ့အဖွဲ့အစည်းဖြစ်ပြီး လူတိုင်းလူတိုင်းသည် ဂုဏ်သိက္ခာရှိစွာဖြင့် ဘဝရပ်တည်နေထိုင်နိုင်ရန်၊ လူအချင်းချင်း လေးစားစွာ ဆက်ဆံမှုကို ခံယူနိုင်ရန်၊ ကြောက်ရွံ့ မှုကင်းစွာဖြင့် နေထိုင်နိုင်ရန် အခွင့် အရေးရှိသည်ဖြစ်၍ မေတ္တာတရားကိုအခြေခံပြီး အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုစသည်တို့ကို အခြေတည်သည့် လူ့အဖွဲ့ အစည်း ဖြစ်ပေါ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်ရန်အတွက် အမုန်းတရားများကို ငြိမ်းအေးပယ်သတ် နိုင်သည့်မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားများ တိုးပွားလာအောင် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာတိုးတက်နေသောကာလ၌ ဖေ့စ်ဘွတ် လူမှုကွန်ရက်ကို အသုံးချ၍ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမှု၊ အများပြည်သူလုံခြုံမှုကို ထိခိုက်စေသည့် အပြုအမူ အကြောင်းအရာများကို ဖယ်ရှားကြရမည် ဖြစ်ပါသည်။
အများနှင့်သက်ဆိုင်သော အကြောင်းအရာကိစ္စရပ်များကို လွတ်လပ်စွာ ပြောဆိုခွင့်ရှိသော်လည်း အနိုင်ကျင့်ခြင်း၊ အရှက်ခွဲခြင်း၊ နိုင်ထက်စီးနင်း နှောင့်ယှက်ခြင်းတို့ကို တိုက်ဖျက်ဖယ်ရှားကြရမည် ဖြစ်ပါသည်။ တစ်ပါးသူ တို့၏လူမျိုး၊ နိုင်ငံ၊ ဘာသာ၊ ဒေသ၊ ကျား၊မလိင်ကွဲပြားမှု၊ မသန်စွမ်းသူများနှင့်
ရောဂါဘယဖြင့် ကျန်းမာရေးထိခိုက်သူများအပေါ် အကြောင်းမဲ့ထိခိုက် နာကျင်စေသော အမုန်းစကားများကို ဝိုင်းဝန်းဖယ်ရှား ဆန့်ကျင်ကြရမည် ဖြစ်ပါသည်။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ များသည် မိမိတို့၏ကွပ်ကဲမှု သို့မဟုတ် ညွှန်ကြားမှုအောက်တွင်ရှိသော ဝန်ထမ်းများ၊ အရာရှိများ၊ စစ်မှုထမ်းများ၊ အခြားလုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများအနေဖြင့် အမုန်းစကားများကို ရှုတ်ချရန်နှင့် တားဆီးရန် စီမံဆောင်ရွက်ရမည်ဖြစ်ပြီး အမုန်းစကားဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ဝန်ထမ်းများအားလုံးပါဝင်ရန်နှင့် ပံ့ပိုးရန် အားပေးရမည် ဟု ဧပြီလ ၂၀ ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားထားပါသည်။
သို့ဖြစ်ရာ အမုန်းတရားများကို မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများဖြင့် ငြိမ်းသတ်ကြရမည်ဖြစ်ပြီး မငြိမ်းနိုင်သည့် အမုန်းစကားများကို ဝန်ထမ်း အဖွဲ့ အစည်းများအားလုံး၊ ပြည်သူ ပြည်သားများအားလုံးတို့က ဆန့်ကျင် ရှုတ်ချ လှုပ်ရှားမှုများပြုလုပ်ကြပြီး တားဆီးကာကွယ်ပေးကြရမည် ဖြစ်ပါကြောင်း။ ။