နေပြည်တော် ၂၃ ဧပြီ
အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရန် ကိစ္စများကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ညွှန်ကြားရေးမှူးများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးက ဧပြီ ၂၀ ရက်၌ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ ပါကြောင်း၊ ထိုညွှန်ကြားချက်ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ ကွပ်ကဲမှု သို့မဟုတ် ညွှန်ကြားမှု အောက်တွင်ရှိသော ဝန်ထမ်းများ၊ အရာရှိများက ပါဝင်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းလမ်းညွှန်ရမည်ဖြစ်သဖြင့် ဤအစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေ လုပ်ငန်းများဖြင့် လူတိုင်းသာတူညီမျှရရှိခံစားစေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုသဟဇာတ ဖြစ်စေကာ စည်းလုံးညီညွတ်၍ ချစ်ကြည်ရင်းနှီးသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာနိုင်စေရန် ဖော်ဆောင် ပေးလျက်ရှိကြောင်း၊ အဆိုပါ လူ့အဖွဲ့အစည်းကို တိုးတက်အောင်ဆောင်ရွက်ရာတွင် အနှောက်အယှက် အဟန့်အတားဖြစ်စေနိုင်သည့် အကြောင်းရင်းတစ်ရပ်မှာ အမုန်းစကား ပြောဆိုခြင်းပင်ဖြစ်ကြောင်း။
အမုန်းစကားဆိုသည်မှာ လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ ကျား/မ သို့မဟုတ် မည်သူမည်ဝါ ဖြစ်သည်ဆိုသည့် မတူကွဲပြားမှုများအပေါ် အခြေပြု၍ လူတစ်ဦးနှင့် တစ်ဦး၊ သို့မဟုတ် လူအုပ်စုတစ်စုနှင့် တစ်စု မမျှမတဝေဖန်ခြင်း၊ မလိုမုန်းထား ပုတ်ခတ်ပြောဆိုခြင်းတို့သည် အကြမ်းဖက်ရန် လှုံ့ဆော်သည့် စကားများပင်ဖြစ်ကြောင်း၊ ထိုအမုန်းစကား ပြန့်ပွားစေခြင်းသည် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေပြီး ဂုဏ်သိက္ခာရှိစွာ နေထိုင်ရန်နှင့် ငြိမ်းချမ်းညီညွတ်ပြီး သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရာတွင် များစွာထိခိုက်စေပါကြောင်း၊ သို့ပါ၍ မိမိတို့ဝန်ထမ်းများအနေဖြင့် ထိုသို့သော အမုန်းစကား များကို ကိုယ်တိုင်ပြုမူ ပြောဆိုဆက်ဆံခြင်း၊ ရေးသားဖော်ပြခြင်း၊ ဖြန့်ဝေခြင်း၊ အားပေးအားမြှောက် ပြုခြင်းများ မပြုလုပ်ကြရန်၊ ယင်းသို့ ပြုမှုဆောင်ရွက်ခြင်းများကို ဝိုင်းဝန်းရှုတ်ချရန်နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများက ဦးဆောင်သော အမုန်းစကားဆန့်ကျင်ရေး လှုပ်ရှားမှုများတွင်ပါဝင်ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဆွေးနွေးပွဲ တက်ရောက်လာကြသူများက အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


