ပုသိမ် မတ် ၁၀
ဧရာဝတီ တိုင်းဒေသကြီး သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းမှ ကြီးမှူးဖွင့်လှစ်သည့် အမှုထမ်းများ အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက အမှာစကား ပြောကြားပြီး သင်တန်းနည်းပြ ဆရာ ဆရာမများက ပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ တိုင်းသမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ စုစုပေါင်း ၈၀ တက်ရောက်ကြပြီး သင်တန်းကို မတ် ၁၀ ရက်မှ ၂၃ ရက်အထိ ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇင်(ပြန်/ဆက်)


