မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများနှင့် သဘာဝအခြေခံကောင်းများစွာရှိသောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ ရှိရင်းစွဲသဘာဝအရင်းအမြစ်များဖြင့် စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများကို အသုံးချပြီး ကမ္ဘာပေါ်တွင် လိုအပ်ချက်မြင့်မားနေသော စားရေရိက္ခာများကို အဓိကထုတ်လုပ်နိုင်သောနိုင်ငံဖြစ်အောင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြေဆီဩဇာ ကြွယ်ဝကောင်းမွန်ပြီး ဓာတုပစ္စည်းများ သက်ရောက်မှုမရှိသေးသည့် စိုက်ပျိုးမြေနေရာများ၊ စိုက်ပျိုးရေးကိုအခြေခံသည့် မွေးမြူရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်သည့် အခွင့်အလမ်းကောင်းများ၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ရေးနှင့် အစားအစာ ဘေးကင်းလုံခြုံမှုရှိပြီး ဂေဟစနစ်ကို ရေရှည်ထိန်းထားနိုင်သည့် တန်ဖိုးမြင့်ထုတ်ကုန်များ၊ စက်မှုလယ်ယာ ကဏ္ဍကို အရှိန်အဟုန်မြှင့်တင်နိုင်မည့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခြွေလှေ့ခြင်း၊ သိုလှောင်ခြင်းတို့အတွက် ခေတ်မီစက်ကိရိယာများ၊ သိုလှောင်ရုံများ စသည်တို့တွင် မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များနှင့် ယခုထက် ပိုမိုရင်းနှီး မြှုပ်နှံနိုင်ရန် ဖိတ်ခေါ်ထားသည်။
ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင် ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန် နိုင်ငံတော်အနေဖြင့် သီးခြားကူညီထောက်ပံ့မှုများ ပံ့ပိုးပေးလျက် ရှိသည်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအပြင် အခြေခံစက်မှု ကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါနှင့် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်နေသည်။ ဝါမှတစ်ဆင့် ချည်မျှင်၊ ၎င်းမှ အထည်အလိပ်များ ထုတ်လုပ်နိုင်သည်အထိ ရည်ရွယ်လုပ်ဆောင်နေပြီး ဝါစိုက်ပျိုးနိုင်သည့် မြေလွတ်နေရာများစွာရှိသည်။ ရော်ဘာစိုက်ပျိုးရေးကို ကာလတို၊ ကာလရှည် စီမံကိန်းများရေးဆွဲပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နေသည်။
ထို့အပြင် သစ်အခြေခံပရိဘောဂလုပ်ငန်းများ၊ သစ်ပါးလွှာ၊ အထပ်သား၊ သစ်ကြိတ်သား၊ သစ်ခွဲသား ထုတ်လုပ်ခြင်းလုပ်ငန်းများအပြင် အဆင့်မြင့်ချည် ထုတ်လုပ်ခြင်း၊ အဆင့်မြင့်ရော်ဘာထုတ်လုပ်ခြင်း၊ ရော်ဘာအခြေခံ ပရိဘောဂပစ္စည်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ဒေသအများစုတွင် ဝါးနှင့် ကြိမ်များပေါက်ရောက်သည်။ ဝါးနှင့် ကြိမ်ကုန်ကြမ်းမှ ထုတ်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် ယခုထက်ပိုမိုဖြန့်ချိနိုင်ရန် လိုအပ်လျက်ရှိသည်။ နိုင်ငံတော်၏ ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ဖြစ်ပေါ်လာသော ပုဂ္ဂလိကအခြေခံစက်မှုလုပ်ငန်းများကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသည့် နည်းပညာနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်ဆောင်ရွက်နေသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ရာ တွင် လိုအပ်သည့် ဘိလပ်မြေကို ပြည်တွင်း၌ လုံလောက်အောင် မထုတ်လုပ်နိုင်သေးသဖြင့် ဘိလပ်မြေထုတ်လုပ်ရေးကဏ္ဍတွင်လည်း အခွင့်အလမ်းများစွာရှိသည်။ ဘိလပ်မြေထုတ်လုပ်ရန်အတွက် အခြေခံကုန်ကြမ်းများ ပေါများကြွယ်ဝသည်။ ထို့အပြင် မဖြစ်မနေသုံးစွဲနေရသည့် လျှပ်စစ်ဓာတ်အားအတွက်လည်း တရုတ်နိုင်ငံ တွင် အောင်မြင်နေသည့် ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည်။ တရုတ်နိုင်ငံသည် လျှပ်စစ်ကားကဏ္ဍတွင် ကမ္ဘာ့ဦးဆောင်နေရာ၌ ရရှိပြီး ဖြစ်သောကြောင့် လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်ထားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားတွင် နယ်နိမိတ်ချင်း ထိစပ်ရပ်တည်နေသောကြောင့် စားရေရိက္ခာ၊ အခြားကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး အဆင့်မီတိုးမြှင့် ထုတ်လုပ်နိုင်ရန် အခွင့်အလမ်းကောင်းများစွာရှိသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည့် ဆန်၊ ပဲမျိုးစုံနှင့် နှမ်း စသည့်စိုက်ပျိုးရေးထုတ်ကုန်များ၊ ကျွန်း၊ သစ်မာ ကုန်ကြမ်းများနှင့် သစ်အခြေခံအချောထည်များကို တန်ဖိုးမြင့်သစ် အခြေခံ အချောထည်ထုတ်ကုန်များ ထုတ်လုပ်ပြီး တရုတ်နိုင်ငံသာမက ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ ဖြန့်ဖြူးတင်ပို့နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ယခုထက် ပိုမိုတိုးမြှင့်လုပ်ဆောင် နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတွင်ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ထိပ်သီး အစည်းအဝေး၊ (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် အကျိုးရလဒ်အဖြစ် မြန်မာနိုင်ငံ၌ ဖြစ်ထွန်းနေ သည့် အခွင့်အလမ်းကောင်းများကို တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံအစိုးရများနှင့် နှစ်နိုင်ငံပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများ အနာဂတ်တွင် ပိုမိုတိုးတက်ဆောင်ကြဉ်းပေးနိုင်တော့မည်ဖြစ်ပါကြောင်း။
ကြေးမုံ