နေပြည်တော် ၂၃ မေ
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံအကျယ်အဝန်း၏ ၅၄ ဒသမ ၁၅ ရာခိုင်နှုန်းကျော်မှာ သစ်တော ကြီးများဖြင့် ဖုံးလွှမ်းခဲ့သည်။ ထိုစဉ်က သစ်တောကြီးများကျေးဇူးကြောင့် အပူ၊ အအေး၊ လေ၊ မိုး စသည့်ရာ သီဥတုများ ညီညွတ်မျှတကောင်းမွန်ခဲ့သည်။ မိုးရေများကို အလ ဟဿစီးဆင်းမသွားရေး၊ ရေစီးတွင် မြေဆီလွှာများ မျောပါမသွားစေရေး၊ တိရစ္ဆာန်များ ရှင်သန်နေထိုင်ရေးတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ယခုအခါ သစ်တောကြီးများပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန်ပျက်စီးပြီး လူသတ္တဝါတို့ ဒုက္ခကြုံကြရသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့- (FAO) ၏ သစ်တောသယံဇာတ ဆန်းစစ်ချက် အစီရင်ခံစာအရ နိုင်ငံ၏သစ်တောဖုံးလွှမ်းမှုသည် ၂၀၁၅ ခုနှစ်တွင် ဧရိယာ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိသည်။ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်အကြား သစ်တောပြုန်းတီးမှုသည် ၁ ဒသမ ၇၂ ရာခိုင်နှုန်းရှိပြီး ၁၉၅၇ ခုနှစ်မှယနေ့အထိ သစ်တော ၁၂ ရာခိုင်နှုန်းခန့် ပြုန်းတီးခဲ့သည်။
ယနေ့ နာဆာ၏ ကောင်းကင်မြေပုံအရ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် သစ်ပင်သစ်တောများ ပိုမိုစိမ်းလန်း နေသည်။ ထိုနိုင်ငံများသည်က္ဘာ့လူဦးရေအများဆုံးဖြစ်ပြီး သဘာဝသယံဇာတ အရင်းအမြစ်သုံးစွဲမှုများပြား သော်လည်း ဆယ်စုနှစ်များအတွင်း မှန်ကန်သည့်အားထုတ်မှုကြောင့် ပိုမိုစိမ်းလန်းလာခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည်သစ်ပင် သန်း ၅၀ ကို ၂၄ နာရီအတွင်း လုပ်အားပေးပြည်သူလူထု ရှစ်သိန်း ကျော်ဖြင့် စိုက်ပျိုးခဲ့သည်။ အိမ်နီးချင်းနိုင်ငံကြီးများက ဤသို့အားထုတ်နေချိန်တွင် မြန်မာနိုင်ငံတွင် တရားမဝင် သစ်ခိုးထုတ်မှုကို နေ့စဉ်မြင်တွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။
သစ်တောများ နှစ်စဉ်ပြုန်းတီးနေမှုကြောင့် အပူချိန်လွန်ကဲခြင်း၊ မြေအောက်ရေ ရှားပါးလာခြင်း၊ နှစ်စဉ် ရေကြီးရေလွှမ်းမိုးခံရခြင်းများ ကြုံတွေ့နေရသည်။ ထိုထက်ပိုဆိုးသည်မှာ တောင်များပြုန်းတီးခြင်းဖြစ်သည်။ တောင်များသည် ရေအရင်းအမြစ်၏အသက်ဖြစ်သည်။ တောင်များကြောင့် မိုးတိမ်တိုက်များဖြစ်ပေါ်ပြီး ရေအရင်းအမြစ်ရသည်။ တောင်များသည် မြေအောက်ရေအရင်းအမြစ်ကို pump ကဲ့သို့အလုပ်လုပ်သဖြင့် ရေတံခွန်စသည့်တို့ကို ဖန်တီးပေသည်။ သစ်ပင်ကိုခုတ်လျှင် ပြန်စိုက်၍ရနိုင်သော်လည်း တောင်များကိုဖြိုလျှင် ပြန်လည် အစားမရနိုင်တော့ချေ။
တွင်းထွက်သယံဇာတများရရှိရေးအတွက် တောင်ဖြို၊ တောင်တူး ခြင်းလုပ်ငန်းများကို ဆင်ခြင်ကြမှ တော်ကာကျမည်။ သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းကို စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်းမှ တန်ကာကျမည်။ တရားမဝင်သစ်ခိုးထုတ်မှုများကို ထိရောက်စွာကိုင်တွယ်မှ သက်သာရာရမည်။ အိမ်နီးချင်းနိုင်ငံများတွင် မိမိတိုင်းပြည်စိမ်းလန်းစိုပြည်ပြီး ပြည်သူလူထုစိတ်နှလုံးချမ်းမြေ့စေရန်အတွက် အစိုးရနှင့်ပြည်သူ တက်ညီလက်ညီလက်တွဲပူးပေါင်းဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံတွင် တက်မညီ၊ လက်မညီသဖြင့် သဘာဝဘေးဒဏ်တို့ကို နှစ်စဉ်တိုး၍ ခံစားနေရသည်။
သို့ဖြစ်ရာ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများသည် အစိုးရ တွင်သာ တာဝန်ရှိသည်မဟုတ်ချေ။ ပြည်သူလူထုအားလုံးတွင်လည်း တာဝန်ရှိပါသည်။ ပြည်သူလူထုမပါဘဲ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်၍ ရမည်မဟုတ်ပေ။ ထိုအရေးအတွက် ပြည်သူတိုင်းက အရေးတကြီးဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့၏ လက်ငင်းကိုယ်ကျိုး တစ်ခုတည်း ကိုမကြည့်ဘဲ နောင်မျိုးဆက်သစ်များအတွက် ကောင်းမွေများ ကို ထားရစ်ခဲ့ကြရမည်ဖြစ်သည်။
ကြေးမုံ