အနာဂတ်စားနပ်ရိက္ခာလုံခြုံမှုလမ်းသစ်ဆီသို့….

မိုးကေနိုင်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ ကျင်းပပြုလုပ်သည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) မျက်နှာစုံညီအစည်းအဝေး Plenary Session ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ စားနပ်ရိက္ခာလုံခြုံရေး” Food Security နှင့် ပတ်သက်၍ ဆွေးနွေးသွားသည်ကို သိရှိလေ့လာလိုက်မိပါသည်။ “စားနပ်ရိက္ခာလုံခြုံရေးကဏ္ဍမှာ မြန်မာနိုင်ငံ၏အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းများ” ခေါင်းစဉ်အောက်တွင် ဆွေးနွေးသွားခဲ့ခြင်းဖြစ်သည်။ 

တာဝန်ရှိ၊ တာဝန်သိမှုနှင့် တာဝန်ယူမှုကို ပြသရာရောက် 

ကမ္ဘာကြီးတွင် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကို ထင်ဟပ်နေသည့်ခေါင်းစဉ်တစ်ခုဖြစ်သည်။ ၇၀ ရာခိုင်နှုန်းသောလူဦးရေက လယ်ယာစိုက်ပျိုးရေးကို အဓိကမှီခိုအားထားနေရသော မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများအတွက်ရော ကမ္ဘာ့နိုင်ငံများအတွက်ပါ လွှမ်းခြုံ၍ ဆွေးနွေးသွားခြင်းဖြစ်သည်ကို သတိထားမိပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးမှုအောက်နှင့် ဆင်းရဲတွင်းနက်နေသောနိုင်ငံများအတွက် သတိပြုနားလည်မှုဖြစ်စေရန် သတင်းစကားပါးလိုက်ဟန်လည်း တူသည်။ 

နိုင်ငံအတွက်၊ ဒေသအတွက်ဖြစ်နိုင်လျှင် ကမ္ဘာကြီးအတွက်ပါ တာဝန်သိမှု၊ တာဝန်ရှိမှုနှင့် တာဝန်ယူနိုင်မှုအတိုင်းအတာကို ပြသရာလည်း ရောက်သည်ဟုမြင်မိပါသည်။ အခြေအနေ အချိန်အခါ အရ လိုအပ်သောအကြောင်းအချက်တစ်ခုလည်း ဖြစ်သည်ကို အငြင်းပွားဖွယ်ရာမရှိပါ။ 

ဆင်းရဲမှု၊ ငတ်မွတ်မှုတိုးလာနေသော ဤကမ္ဘာ 

အဓိကအကြောင်းတရားများကို ပြန်ပြောင်းဆန်းစစ်ကြည့်လျှင် သုံးနှစ်တာ ကိုဗစ်ကပ်ကြီးနှင့် ယူကရိန်းစစ်ပွဲများက အဓိကနေရာမှပါဝင်နေသည်ကို အားလုံးက လက်ခံပြီးဖြစ်သည်။ မပြောင်းလဲ ဆုတ်ယုတ်ဆဲရာသီဥတုဖောက်ပြန်မှု၊ တန်းတူရည်တူမရှိ မညီမျှမှုများကတော့ အစဉ်အဆက်ရှိနေသည့် မူလအကြောင်းတရားများအဖြစ် ရပ်တည်နေဆဲဖြစ်သည်။ ထိုထိုအကြောင်းတရားများ၏ သက်ရောက်မှုက စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ၂၀၃၀ agenda ကို အကြီးအကျယ်ထိခိုက်နေသည် ကိုလည်း သတိမူမိဖို့လိုပါသည်။ 

ကမ္ဘာမှာဆင်းရဲမှုနှုန်းက ၈ ဒသမ ၃ ရာခိုင်နှုန်း မှ ၉ ဒသမ ၂ ရာခိုင်နှုန်းသို့ တက်သွားသည်။ ၂၀၂၂ ခုနှစ် စာရင်းများအရ အလွန်အမင်းဆင်းရဲတွင်းနက်သူ နောက်ထပ် ၉၅ သန်းအထိတိုးသွားပြီး ဆင်းရဲသူပေါင်းမှာ ၆၇၆ သန်းအထိ ရှိလာနေသည်ဟု ဆိုပါသည်။ ၂၀၂၁ ခုနှစ်စာရင်းများအရ လူ သန်းပေါင်း ၈၂၈ သန်း အငတ်ဘေးဆိုက်နေရပြီး ထိုအရေအတွက်မှာ ၂၀၁၉ ခုနှစ်ကထက် သန်း ၁၅၀ ထပ်တိုးလာခြင်းပင်ဖြစ်သည်။ လူ ၁၀ ဦးတွင် တစ်ဦးက အစားအစာကို လက်လှမ်းမမီဖြစ်နေပြီး လုံလောက် သောအစာအာဟာရကို မရရှိကြဟုဆိုနိုင်ပါသည်။ 

အကြောင်းတရားများအပြင် စိန်ခေါ်မှုများလည်းရှိနေ 

နိုင်ငံတစ်ခု၏ စားနပ်ရိက္ခာလုံခြုံရေးကို စဉ်းစားသည့်အခါ အစာရေစာမလုံလောက်မှု အကြောင်းတရားများအပြင် စိန်ခေါ်မှုများစွာကိုလည်း ဖြေရှင်းရန်လိုအပ်ပုံကို နိုင်ငံတော်ဝန်ကြီးချုပ်က ရှင်းပြသွားပါသည်။ ပဋိပက္ခနှင့် အကျပ်အတည်းများကြားမှာပင် ကမ္ဘာ့လူဦးရေက မှန်မှန် တိုးတက်နေသည်။ လူဦးရေတိုးတက်ရုံတင်မက သက်တမ်းရှည်ရှည်နေထိုင်နိုင်သည့်အရေအတွက် လည်း တိုးလာနေသည်။ ယခုနှစ် နိုဝင်ဘာလစာရင်းအရ ကမ္ဘာ့လူဦးရေမှာ ရှစ်ဘီလီယံအထိ တိုးမြင့်လာနေကြောင်း၊ နောင်လည်း တိုးမြင့်လာမည့်အခြေအနေများကို ဆွေးနွေးချက်များက သက်သေပြနေသည့်အခါ စားနပ်ရိက္ခာတိုးမြှင့် မထုတ်လုပ်နိုင်မှုနှင့်အတူ စားရေရိက္ခာပြတ်လပ်မည့် အန္တရာယ်များကြားမှ မဖြစ်မနေတိုးမြှင့်ထုတ်လုပ်ရန် Food availability ကဏ္ဍအရေးကြီးပုံကို ဤနေ့၊ ဤအချိန်တွင် သတိထားမိကြမည်ထင်ပါသည်။ 

လူဦးရေတိုးလာပါက စားရေရိက္ခာလိုအပ်မှုလည်း တိုးလာမည်၊ ဝယ်လိုအားလည်းတိုးလာမည် သာဖြစ်သည်။ သို့သော် အစားအစာဈေးနှုန်းများက ငွေကြေးဖောင်းပွမှုနှင့်အတူ မြင့်တက်နေသည်။ ဒေါ်လာကို လက်နက်သဖွယ်အသုံးချခံရ၊ အနိုင်ကျင့်ခံရမှုများကြောင့် တရိပ်ရိပ်ကျနေသည့် မိမိငွေကြေး က စားနပ်ရိက္ခာအပါအဝင် ဓာတ်မြေဩဇာ အစရှိသည့် ရိက္ခာထုတ်လုပ်မှုနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူတင်သွင်းရာတွင် အခက်အခဲများစွာတွေ့နေရသည်။ ကိုယ်တိုင်စားနပ်ရိက္ခာ မထုတ်လုပ်နိုင်သည့် ဖွံ့ဖြိုးဆဲနှင့် ဆင်းရဲသည့်နိုင်ငံများအတွက်မူ ပို၍ဆိုးရွားသွားသည်။ ထိုအချင်းလက္ခဏာကို စားနပ် ရိက္ခာလုံခြုံရေးအပေါ် ဆက်စပ်လွှမ်းမိုးနေသည့် ဘဏ္ဍာရေးမလုံခြုံမှု (Financial Security) သဘော တရားတစ်ခုအဖြစ် ဖော်ထုတ်ဆွေးနွေးနိုင်မှုမှာ လေ့လာစရာတစ်ခုအပြင် သင်ခန်းစာပါရခဲ့သည်ဟု ဆိုရပေမည်။ 

Food supply chain တွင် ဒေါ်လာအစားထိုးရန် အကြံပေးမှုများရှိလာနေ 

လက်ထဲတွင် ငွေမရှိလျှင် စားနပ်ရိက္ခာကို ဝယ်ယူရန် လက်လှမ်းမမီ Food accessible မဖြစ်နိုင်ပါ။ ငွေမရှိလျှင် သို့မဟုတ် မိမိပိုင်ငွေတန်ဖိုးမရှိလျှင် စားရေး၊ ဝတ်ရေး၊ နေရေး သုံးဖြာအနက် အဓိကအရေးကြီးဆုံးဖြစ်သော စားရေးပြဿနာကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ ထို့ကြောင့်လည်း ဒေါ်လာကို အစားထိုး ဒေါ်လာမှသွေဖည်ရန် ကြိုးစားလာခြင်းဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် အထူးသဖြင့် Food supply chain ဟုခေါ်သည့် စားနပ်ရိက္ခာ ထုတ်လုပ်၊ သယ်ယူ၊ ဝယ်ယူ၊ ဖြန့်ဖြူး၊ အဆက်မပြတ် ရရှိမှုကွင်းဆက်များ မထိခိုက်ရန် ပိုအရေးကြီးသည့်အတွက် ထိုကွင်းဆက်တွင် ဒေါ်လာအစားထိုး ရူဘယ်၊ ယွမ်၊ ရူပီးတို့ကို အသုံးပြုရန်၊ လိုအပ်ပါက Bartar system ကုန်စည်ဖလှယ်မှု စနစ်ကို အစားထိုးရန် မြန်မာနိုင်ငံအကြီးအကဲက အကြံပြုသွားခြင်းဖြစ်ပေလိမ့်မည်။ ထိုသို့ဖြေရှင်းနိုင်မှုသည် ရုရှား၊ အိန္ဒိယနှင့် တရုတ် စသည့် အင်အားကြီးနိုင်ငံများ၏ အကူအညီနှင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင်လည်း များစွာမူတည်နေပါသည်။ သို့သော် ကြားခံဖလှယ် ငွေကြေးပုံစံ အစားထိုးပြောင်းလဲရန်အတွက် ပူးပေါင်းဆောင်ရွက်မှုသည် ခရီးရောက်ရန် အစခရီး ပျိုးပြီးသလောက်ဖြစ်နေပြီဟုလည်း သတင်းများက ဆိုနေပါသည်။ 

သဘာဝအရင်းအမြစ်ပေါကြွယ်ဝသော်လည်း လိုအပ်ချက်များကရှိနေဆဲ 

မီးမောင်းထိုးပြခဲ့သည့် အခြားသောစိန်ခေါ်မှု တစ်ခုကား ကမ္ဘာကြီး၏နေရာအချို့တွင် စိုက်ရန်၊ ပျိုးရန်၊ မွေးမြူရန်မြေနေရာနှင့် ရေအရင်းအမြစ် ရှားပါးလာခြင်းပင်ဖြစ်သည်။ သို့သော် ဤပြဿနာတွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ အများစု မပါဝင်ပါ။ 

နိုင်ငံအကြီးအကဲက ထိုအချက်ကို အခြေခံ စားနပ်ရိက္ခာစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့မှု အစဉ် အလာကောင်းရှိခဲ့သည့် မြန်မာနိုင်ငံကို ဥပမာပေး၍ အလေးထားဖော်ပြဆွေးနွေးခဲ့သည်ကို လေ့လာမိ သည်။ မိမိနိုင်ငံတွင် စိုက်ပျိုး၊ မွေးမြူရေးအတွက် အရင်းအမြစ်ကောင်းများရှိနေသည်။ မြေရှိသည်။ သဘာဝ မြစ်၊ ချောင်း၊ အင်းအိုင်များ ပေါများပြည့်စုံ သည်။ နေရာအနှံ့ဖုံးလွှမ်းထားသော သဘာဝ သစ်တောများလည်းရှိနေသည်။ ကမ်းရိုးတန်းများနှင့် ကာရံထားသည့်နိုင်ငံလည်းဖြစ်သည်။ စိုက်ပျိုး မြေပေါင်းဟက်တာ ၁၃ သန်းကျော်ရှိနေသည်။ စပါး၊ ပဲမျိုးစုံနှင့် ပြောင်း၊ နှမ်း၊ ဝါတို့ကို အဓိကစိုက်ပျိုးပြီး ဆန်၊ ပဲနှင့် ပြောင်းသည် အားထားရသော တင်ပို့ကုန်များဖြစ်သည်။ 

သို့ဆိုလျှင် Food security အတွက် အဓိကလိုအပ်ချက်များကား မည်သည့်အရာများနည်း။ မျိုးကောင်း မျိုးသန့်၊ မြေဩဇာ၊ စိုက်ပျိုးနည်းစနစ်များနှင့် ယခုလက်ရှိအခြေအနေများအရ ဒီဇယ်ဆီသည် အဓိကလိုအပ်သောသွင်းအားစုများဖြစ်သည်ဟု ထောက်ပြခဲ့ပါသည်။ ထို့ကြောင့်လည်း လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနိုင်ပါရန် အခွင့်ကြုံခိုက် မိတ်ဆွေ နိုင်ငံများထံတောင်းဆိုခဲ့သည်။

ကူညီဖြည့်တင်းပေးနိုင်မှုက မိမိတို့၏စိုက်ပျိုး ထုတ်လုပ်မှုကို နှစ်ဆတိုးတက်စေမည်ဟု ကတိပြု ထားသည်။ နိုင်ငံနှင့် ပြည်သူအတွက် မိတ်ဆွေများထံ ပွင့်ပွင့်လင်းလင်း အကူအညီတောင်းခံကတိပြုမှုနှင့် တစ်ပါတည်းပါလာသည်က မိတ်ဆွေနိုင်ငံများအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် မက်လုံးပေးဆွဲဆောင်မှုများပင်ဖြစ်သည်။ 

ရင်းနှီးမြှုပ်နှံကြရန် အခွင့်အလမ်းကောင်းများကို ဖွင့်လှစ်ခဲ့ 

မြန်မာနိုင်ငံတွင် လက်ရှိလည်း သဘာဝ ဓာတ်ငွေ့များတွေ့ရှိ၊ တူးဖော်နေသည့်နည်းတူ ဘင်္ဂလားပင်လယ်အော်အတွင်း တွေ့ရှိထားပြီး မကြာမီ စီးပွားဖြစ်ထုတ်ယူနိုင်တော့မည့် သဘာဝ ဓာတ်ငွေ့ နှစ်ထရီလီယံကျော်က အဆင်သင့်ဖြစ်နေသည်။ ဓာတ်ငွေ့သိုက်အသစ်တစ်ခု တူးဖော်နိုင်မည့် အလားအလာနှင့်အတူ နောင်သုံးနှစ်အတွင်း သဘာဝဓာတ်ငွေ့ အခြေခံစက်မှုလုပ်ငန်းများ ထွန်းကားလာမည့်အခြေအနေများက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်နေသည်။ 

ရေနံနှင့် သဘာဝဓာတ်ငွေ့အပြင် ထုတ်လုပ်တင်ပို့နိုင်သည့် ကြေးနီ၊ သံ၊ ခဲမဖြူ စသည့်သယံဇာတ အရင်းအမြစ်များစွာလည်း ရှိနေပါသေးသည်။ မိမိ၏ အင်အားက နိုင်ငံတကာမှ စိတ်ဝင်စားသူတို့အတွက် အခွင့်အလမ်းဖြစ်သည်ကို မိမိနိုင်ငံ၏ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအားသာချက်များနှင့်အတူ လှစ်ဟဖွင့်ပြသွားခြင်းဖြစ်သည်။ 
ရင်းနှီးမြှုပ်နှံမှု နယ်ပယ်သည် တစ်ခုတည်း၊ နှစ်ခုတည်းမဟုတ်၊ နယ်ပယ်အတော်များများတွင် ရင်းနှီးမြှုပ်နှံကြရန် ပါဝင်တက်ရောက်သူ ကိုယ်စားလှယ်အားလုံးကို ဖိတ်ခေါ်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။ 

ဖိတ်ခေါ်ခဲ့သည့်ကဏ္ဍများထဲမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍသည် ပြည်ပတင်ပို့ကုန်သာမက မိမိနိုင်ငံသားများ ကျန်းမာရေးအတွက်ပါ အဓိက ထား၍ အရည်အသွေးမြင့်၊ အာဟာရပြည့်အစားအစာများကို လုံလောက်စွာစားသုံးနိုင်ရန် ရည်ရွယ်ပြီး လည်းဖြစ်သည်ကို သိရှိနိုင်ပါသည်။ 

အာဆီယံစိတ်ဓာတ်ကိုပြသ၍ အာဆီယံကိုလည်းဗဟိုပြုခဲ့ 

နိုင်ငံတော်ဝန်ကြီးချုပ်၏ ဖိတ်ခေါ်မှု အခြေခံအကြောင်းတရားများ ရှင်းပြရာတွင် ကမ္ဘာ့အချက် အချာကျသော အာဆီယံကိုလည်း မြန်မာနှင့် တစ်သားတည်းထား ရှင်းလင်းဆွေးနွေးသွားသည်ကို သတိထားမိသည်။ အာဆီယံအသိုက်အဝန်းနှင့် အာဆီယံစိတ်ဓာတ်ကို အခွင့်ရခိုက် အာဆီယံကို ဗဟိုပြုသွားခြင်းလည်းဖြစ်သည်။ 

ရင်းနှီးမြှုပ်နှံမှုသည် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုပင်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ဖြစ်ထွန်းစေပါသည်။ ပူးပေါင်းဆောင်ရွက်မှုက မိတ်ဖက်နိုင်ငံများအကြား ဆက်ဆံရေးကို ပိုမို ကောင်းမွန်စေပါသည်။ ဆက်သွယ်မှုလမ်းကြောင်းများကို ပိုမိုပွင့်သွားစေပါသည်။ နယ်ပယ်စုံတွင် အပြန်အလှန်ထိတွေ့ဆက်ဆံမှုနှင့် နိုင်ငံတကာ ဆက်ဆံရေးပုံစံသစ်က အခြားဩဇာလွှမ်းမိုးလိုမှု၊ ဝင်ရောက်စွက်ဖက်လိုမှုများမှလည်း ကင်းဝေးစေ မည်ဖြစ်ပါသည်။ အပြုသဘောများ လွှမ်းမိုးလာလျှင် အပျက်သဘောများ ကင်းရှင်းပြီး ပထဝီနိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုများ ရရှိလာမည်ဟု ယုံကြည်မိပါသည်။ 

မြန်မာနိုင်ငံတွင် သဘာဝသယံဇာတပေးထားချက်များက ပြည့်စုံနေပြီးဖြစ်သည်။ အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာအသုံးချနိုင်မည်ဆိုလျှင် ပြည်ပကိုမမှီခိုဘဲ မိမိဘာသာထုတ်လုပ်နိုင်စွမ်း ရှိပါသည်။ သို့မှသာ ကဏ္ဍစုံ၊ နယ်ပယ်စုံတွင် အပေါင်းလက္ခဏာဆန်သည့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အနာဂတ်လူသားတို့၏ အလိုအပ်ဆုံးဖြစ်သော ရေရှည်တည်တံ့ပြီး တည်ငြိမ်သော စားနပ်ရိက္ခာဖူလုံမှုကို ဖြည့်ဆည်းပေးနိုင်မည်မှာ သေချာလာမည်ဟု ယူဆပါသည်။ ထိုမှတစ်ဆင့် အန္တိမရည်မှန်းချက်ကြီးဖြစ် သော သက်ဆိုင်ရာလယ်ယာစိုက်ပျိုးရေးကို အဓိက မှီခိုအားထားနေရဆဲနိုင်ငံများအပါအဝင် ထိုနိုင်ငံ များ တည်ရှိရာဒေသတွင်းနှင့် ကမ္ဘာကြီးအတွက်ပါ ဆင်းရဲခြင်းမှလွတ်ကင်းသည့် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးမှုဆီသို့ ဧကန်ရောက်ရှိနိုင် မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။     ။