၃၁ ဒီဇင်ဘာ
ယနေ့သည် ၂၀၁၈ ခုနှစ် ကုန်ဆုံးပြီး နှစ်သစ်သို့ကူးပြောင်းတော့မည့် နေ့တစ်နေ့ဖြစ်သည်။ ရာသီသဘောအရ သော်လည်းကောင်း၊ သင်္ခါရ သဘောတရားအရသော်လည်းကောင်း အချိန်ကာလတို့သည် ရွေ့လျား တိုက်စား၍ အသစ်အသစ်သော အနာဂတ်တို့ဖြစ်ပေါ်လာသည်။ အချိန် ကာလတို့သည် လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲနေသဖြင့် မိမိတို့အနာဂတ်ကို အလျင်အမြန်တိုးတက်အောင် ပြုပြင်ပြောင်းလဲ ဖော်ဆောင်ကြရမည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးသည်နှင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ခဲ့သည်။ စစ်ပြီးကာလ မြန်မာနိုင်ငံကို ပါလီမန် ဒီမိုကရေစီစနစ်ဖြင့် အတော်အတန်တိုးတက်အောင် ထူထောင်နိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်ကာလအထိ မြန်မာနိုင်ငံကို အခြားနိုင်ငံများက အားကျခဲ့သည်။ ၁၉၆၈ ခုနှစ်ဝန်းကျင်တွင် မြန်မာနိုင်ငံသည် ထိုင်း၊ စင်ကာပူ၊ မလေးရှားစသည့် အရှေ့တောင်အာရှနိုင်ငံများနှင့် အဆင့် အတန်းကွာဟမှုမရှိခဲ့ချေ။ ၁၉၈၀ ပြည့်နှစ်ကာလတစ်ဝိုက်တွင် အရှေ့ဥရောပဝန်းကျင်နှင့် အရှေ့အာရှ တစ်ဝိုက်တွင်လည်း ပြုပြင်ပြောင်းလဲမှု များကို အလေးထားသဖြင့် ဖွံ့ဖြိုးတိုးတက်လာကြသည်။
၁၉၇၀ ပြည့်နှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ အထီးကျန်ဆန်မှု၊ စီးပွားရေးတံခါးပိတ်မှုတို့ကြောင့် တိုးတက်မှု ဆုတ်ယုတ်ခဲ့သည်။ ထိုအချိန်က အခြားနိုင်ငံများအကြားတွင် မြန်မာနိုင်ငံမှာ နောက်ကျမကျန်ရစ်သေးချေ။ ကမ္ဘာပေါ်တွင် ၁၉၇၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလအတွင်း ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသောနိုင်ငံများ များပြားလာသည်။ ၁၉၇၃ ခုနှစ်တွင် ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံ ၄၀ ရှိရာမှ ၂၀၁၀ ပြည့်နှစ်တွင် ဒီမိုကရေစီကျင့်သုံးသည့်နိုင်ငံ ၁၁၅ နိုင်ငံရှိလာသည်။ ထိုနိုင်ငံများသည် စနစ်ကို ပြုပြင်ပြောင်းလဲ ကျင့်သုံးသောကြောင့် တိုးတက်လာကြသည်။
သူတစ်ပါးလက်အောက်တွင်နေရစဉ်က ပြည်သူများ၏ တူညီသော ပြင်းပြသည့်ဆန္ဒမှာ လွတ်လပ်သော တိုင်းပြည်ထူထောင်နိုင်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းသူပြည်သားများ ကောင်းစားရေးဖြစ်သည်။ တိုင်းသူ ပြည်သားများ ကောင်းစားရေးအတွက် ဆောင်ရွက်ရာတွင် တိုင်းသူ ပြည်သားများအရေးကိုရှေးရှုပြီး နိုင်ငံကို ပြုပြင်ပြောင်းလဲဆောင်ရွက် ကြရသည်။ သစ္စာတရား၊ မေတ္တာတရားဖြင့် တိုင်းပြည်နှင့် အံဝင်ခွင်ကျဖြစ်သော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည်။
၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်လာမည်ဟု မျှော်လင့်ချက်နှင့် စိတ်အား ထက်သန်မှုများ ပြည်သူနှင့်နိုင်ငံတကာ အသိုင်းအဝိုင်းအကြားတွင် ဖြစ်ပေါ်ခဲ့သည်။ အစိုးရသစ်က ပြည်သူများ လူမှုစီးပွားမြင့်မားတိုးတက်လာစေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍအသီးသီး ပြုပြင်ပြောင်းလဲ လာအောင် ဆောင်ရွက်ပေးနေသည်။ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်လာစေရန် ပြုပြင်ပြောင်းလဲမှုများစွာ လိုအပ်နေသည်။ အချို့နယ်ပယ်များတွင် အရေးပါသောဖွံ့ဖြိုးတိုးတက်မှုများ သိသာစွာ ဖြစ်ထွန်းပေါ်ပေါက် လာသော်လည်း အချို့နယ်ပယ်များတွင် ပြောင်းလဲမှုအရှိန်ရလာစေရန် ရုန်းကန်နေရဆဲ ဖြစ်သည်။
သို့ဖြစ်ရာ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအကြား တိုးတက်ဖြစ်ထွန်းမှု ပကတိ အခြေအနေမှန်ကို လေ့လာကြည့်မည်ဆိုပါက ပြုပြင်ပြောင်းလဲမှုလုပ်ကိုင်ခြင်းသည်သာ နိုင်ငံတိုးတက်မှု ဖြစ်ထွန်းနိုင်သည်ကို မြင်တွေ့ရမည်ဖြစ်ရာ မိမိတို့နိုင်ငံ တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ။(ကြေမုံ)