ဒေါက်တာလပြည့်ခင်

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အကူပြု စက်မှုသင်တန်းများစက်မှုနှင့် သက်မွေးပညာရွေ့လျားသင်တန်းများ 

စက်မှုသင်တန်းကျောင်းများသို့ နှစ်/ လရှည် သွားရောက် ပညာမသင်ကြားနိုင်သူများအတွက် အဓိကထား၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံကျသော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး၊ ကျေးလက်နေပြည်သူများ စက်မှုအခြေခံအတတ်ပညာများ နားလည်သိရှိရေး၊ စက်မှုဇုန်လုပ်သားများ၏ ကျွမ်းကျင်မှုအဆင့် မြင့်မားစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာစက်မှု သင်တန်းကျောင်း၌ “စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း” (Mobile Vocational Training Unit) အစီအစဉ်ဖြင့် ကျေးလက်ဒေသများအရောက် လိုက်လံဖွင့်လှစ် သင်ကြားပေးရန်အတွက် စက်မှုနှင့် အသက်မွေးပညာ ရက်တိုသင်တန်းများကို ၂၀၁၄ ခုနှစ် ဇူလိုင်လမှစတင်၍ မကွေးတိုင်းဒေသကြီးတွင် စတင်သင်ကြားပို့ချပေးခဲ့ပါသည်။ ထို့နောက် ၂၀၁၈ ခုနှစ်မှစ၍ “မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်း ဘာသာရပ်” (Automobile Maintenance Course) ကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ 

သက်ဆိုင်ရာစက်မှုသင်တန်းကျောင်းအလိုက် (Mobile Vocational Training Unit) များ ဖွဲ့စည်းပြီး သင်ကြားမည့်သင်ခန်းစာ၊ လိုအပ်သည့် သင်ထောက်ကူပစ္စည်းနှင့် လေ့ကျင့်ရေးကုန်ကြမ်း ပစ္စည်း၊ Mobile Unit တွင် လိုက်ပါမည့်နည်းပြနှင့် အကူနည်းပြ၊ သင်တန်းကာလနှင့် အချိန်ခွဲဝေမှု၊ တစ်ကြိမ်လျှင် လက်ခံနိုင်သည့် သင်တန်းသား အင်အား၊ သင်တန်းသားများတွင်ရှိရမည့် အနိမ့်ဆုံး ပညာအရည်အချင်းတို့ကို သတ်မှတ်ရေးဆွဲ ထားရှိပါသည်။ တစ်ကြိမ်လျှင် လူဦးရေ ၃၀ မှ ၆၀ အတွင်း နှစ်ပတ်ခန့် လေ့ကျင့်သင်ကြားပေးလျက် ရှိပါသည်။ စက်မှုသင်တန်းကျောင်းများအလိုက် ရေးဆွဲထားသည့် သင်ခန်းစာနှင့် သင်ကြားမည့်အစီ အစဉ်အလိုက် အခြေခံလျှပ်စစ်ပညာသင်တန်း (Basic Electricity & Building Wiring Course)၊ အခြေခံသံဂဟေဆက်သင်တန်း (Basic Arc Welding Course)၊ စိုက်ပျိုးရေးသုံးအင်ဂျင်နှင့် မော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (Small Farm Engine & Motorcycle Maintenance and Repairing)နှင့် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်း ခြင်းဘာသာရပ် (Auto-mobile Maintenance Course) တို့ကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ညှိနှိုင်းတောင်းခံချက်အတိုင်း လိုက်လံသင်ကြားပေးနေခြင်း ဖြစ်ပါသည်။

ထို့အတူ စက်မှုဇုန်များမှ ညှိနှိုင်းတောင်းခံလာပါက စက်မှုဇုန်လုပ်သားများ၏ ကျွမ်းကျင်မှု အဆင့်မြင့်မားစေရေးအတွက် စက်ရုံသုံးလျှပ်စစ်သွယ်တန်းခြင်း သင်တန်းနှင့် လျှပ်စစ်မော်တာ ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းတို့ကို သက်ဆိုင်ရာ စက်မှုဇုန်များတွင် လိုက်လံသင်ကြားပေးလျက် ရှိပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းလျက် “စက်မှုနှင့် အသက်မွေး ပညာရွေ့လျားသင်တန်း”များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ မကွေးတိုင်းဒေသကြီးတွင် သင်တန်း ၄၄ ကြိမ်၌ သင်တန်းသား ၁၆၄၉ ဦး၊ မန္တလေးတိုင်းဒေသကြီး ၂၈ ကြိမ်တွင် ၁၆၁၀၊ စစ်ကိုင်းတိုင်းဒေသကြီး ခြောက်ကြိမ်တွင် ၃၁၆ ဦး၊ ရှမ်းပြည်နယ် ကိုးကြိမ်တွင် ၅၈၅ ဦး၊ ရခိုင်ပြည်နယ် ခြောက်ကြိမ်တွင် ၄၇၇ ဦး၊ မွန်ပြည်နယ် သုံးကြိမ်တွင် ၁၉၆ ဦး၊ ကယားပြည်နယ် သုံးကြိမ် တွင် ၁၄၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီး ၁၁ ကြိမ်တွင် ၇၆၉ ဦး၊ ပဲခူးတိုင်းဒေသကြီး ရှစ်ကြိမ်တွင် ၃၅၃ ဦး နှင့် ဧရာဝတီတိုင်းဒေသကြီး လေးကြိမ်တွင် ၂၁၆ ဦးဖြင့် နိုင်ငံတစ်ဝန်း၌ စုစုပေါင်းသင်တန်း ၁၂၂ ကြိမ် ဖွင့်လှစ်၍ ကျေးလက်နေပြည်သူ ၆၃၆၅ ဦးကို ပညာပေးနိုင်ခဲ့ပါသည်။ အခြေခံသံဂဟေဆက် သင်တန်းတွင် ၁၂၀၅ ဦး၊ အခြေခံလျှပ်စစ်ပညာ သင်တန်း ၃၇၅၈ ဦး၊ စိုက်ပျိုးရေးသုံးအင်ဂျင်နှင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ၁၂၁၅ ဦးနှင့် မော်တော် ယာဉ်ပြုပြင်ထိန်းသိမ်းခြင်း ဘာသာရပ်တွင် ၁၈၇ ဦးကို ပညာဖြန့်ဝေပေးနိုင်ခဲ့ပါသည်။

ADB ကျွမ်းကျင်မှုအခြေပြု ကာလတို သုံးလသင်တန်းများ

ထို့အပြင် ဝင်ငွေနည်းပါးပြီး အသက်မွေး ဝမ်းကျောင်းပညာရပ် လေ့လာသင်ကြားရန် အခွင့် အလမ်းနည်းပါးသည့် ကျေးလက်နေပြည်သူများနှင့် ဒေသခံပြည်သူများအားကျွမ်းကျင်မှု ‘စံ’ အခြေပြု ကာလတိုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန် လာစေရန်နှင့် ဆင်းရဲမှုလျော့နည်းပပျောက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ အာရှဖွံ့ဖြိုး ရေးဘဏ် (ADB) ၏အစီအစဉ်ဖြင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာအကူအညီပေးအပ် ရေးအစီအစဉ် (Capacity Development Technical Assistance-CDTA) အရ အားလုံးအကျုံးဝင်ဖွံ့ဖြိုးမှု အတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးရှေ့ပြေး စီမံချက်အတွက် အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)နှင့် အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ)တို့တွင် ၂၀၁၆ ခုနှစ်မှစတင်၍ ကျွမ်းကျင်မှုအခြေပြုကာလတို သုံးလသင်တန်း (Competency Based Modular Short Course) များကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ 

လက်ရှိတွင် လျှပ်စစ်ဂဟေဆက်သင်တန်း၊ ဓာတ်ငွေ့ဂဟေသင်တန်း၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်းနှင့် စိုက်ပျိုးရေးသုံးစက်ပစ္စည်း များ ပြုပြင်ထိန်းသိမ်းရေးသင်တန်း စသည့် သင်တန်းအမျိုးအစား လေးမျိုးကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး ဘာသာရပ်တစ်ခုစီအတွက် သင်တန်းကာလမှာ သုံးလ ဖြစ်ပါသည်။ အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) မှ ၁၉ ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၄၈၀ ကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ) အနေဖြင့်လည်း သင်တန်း ၁၂ ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၃၁၀ ကို ပညာဖြန့်ဝေ ပေးနိုင်ခဲ့ပါသည်။

ADB ကျွမ်းကျင်မှုအခြေပြု ကာလတို သုံးလသင်တန်းများ တက်ရောက်ရန် ရှိရမည့်အရည်အချင်းများ

အဆိုပါသင်တန်းတက်ရာက်လိုသူများသည် ကျေးလက်ဒေသများတွင် နေထိုင်ပြီး စက်မှုပညာ ကို အမှန်တကယ် စိတ်ပါဝင်စားသော အသက်(၁၈)နှစ်မှ (၄၀)နှစ်အတွင်းရှိသူ၊ အခြေခံပညာအလယ် တန်းအဆင့်ဖြေဆိုဖူးသူ သို့မဟုတ် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် အမှန်တကယ် လုပ်ကိုင်ဖူး ပြီး အနည်းဆုံးလုပ်သက် နှစ်နှစ်ရှိကြောင်း အလုပ်ရှင်က ထောက်ခံသူ၊ သင်တန်းတက်ရောက်ရန် အတွက် ငွေကြေးအခက်အခဲရှိပြီး သင်တန်းကာလ ပြီးဆုံးအောင်တက်ရောက်နိုင်သူ ကျေးလက်ပြည်သူများနှင့် ဒေသခံပြည်သူများ တက်ရောက်နိုင်ရန် အတွက် တူညီဝတ်စုံ၊ လေ့ကျင့်ရေးသုံးကုန်ကြမ်း ပစ္စည်းများ၊ စာရွက်စာတမ်းကြေးများ၊ နေထိုင်ရန် အဆောင်များစသည်ဖြင့် သင်တန်းအတွက် ကုန်ကျမည့်စရိတ်စကများကို အခကြေးငွေမယူဘဲ လက်ခံသင်ကြားပေးလျက်ရှိရာ နိုင်ငံတော်၏ ဆင်းရဲမှု လျော့နည်းပပျောက်ရေးအစီအစဉ်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပြီး အကျိုးရှိစေမည် ဖြစ်ပါသည်။ 

သင်တန်းသားများကို ထိရောက်စွာ လေ့ကျင့်သင်ကြားနိုင်ရန် ဘာသာရပ်တစ်ခုလျှင် ၁၂ ဦးသာ လက်ခံသင်ကြားပေးခြင်းဖြစ်သည်။ သင်တန်းသားများ အကဲဖြတ်စစ်ဆေးခြင်းကို Module တစ်ခုချင်းအလိုက် နည်းပြများက ကြိုတင်စစ်ဆေးအကဲဖြတ်ပြီး နောက်ဆုံးစစ်ဆေးခြင်းကို စက်မှုဇုန်များမှ ပညာရှင်များနှင့် နည်းပြများပူးပေါင်း၍ ကျွမ်းကျင်မှု အရည်အသွေးကို အကဲဖြတ်စစ်ဆေးပေးခြင်း ဖြစ်ပါသည်။ ထို့နောက် သင်တန်းအောင်မြင်သူများကို မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)က သတ်မှတ် ထားသော သင်ရိုးညွှန်းတမ်းနှင့်အညီ စနစ်တကျ သင်ကြားခဲ့ကြောင်း အသိအမှတ်ပြုအောင်လက်မှတ် ချီးမြှင့်ပါသည်။ သင်တန်းမှ ဖြေဆိုအောင်မြင် ပြီးမြောက်သူများသည် သတ်မှတ်ထားသော ကျွမ်းကျင်မှု “စံ” အခြေခံသော သင်ရိုးညွှန်းတမ်းများဖြင့်စနစ်တကျ သင်ကြားထားသူများဖြစ်သဖြင့် အရည် အသွေးအတွက် စိတ်ချယုံကြည်ရပြီး နိုင်ငံတော်၏ ကျွမ်းကျင်လုပ်သား လိုအပ်ချက်အား တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

ADB ၏ချေးငွေဖြင့်ဆောင်ရွက်နေသည့် Equipping Youth for Employment Project (EYE) စီမံကိန်း

နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်မှုအခြေခံများ အားကောင်းစေသည့် ရေရှည်အကျိုးသက်ရောက်မှုများ ဖြစ်ထွန်းပေါ်ပေါက် စေရန်နှင့် နည်းပညာနှင့် သက်မွေးပညာလေ့ကျင့်ရေး၌ ကျွမ်းကျင်လုပ်သား ပိုမိုဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနမှတစ်ဆင့် သုံးစွဲမည့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေးငွေ များဖြင့် Equipping Youth for Employment Project (EYE) စီမံကိန်းကို ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစီမံကိန်း တွင် စက်မှုသင်တန်းကျောင်း လေးကျောင်းဖြစ်သော မန္တလေး၊ သာဂရ၊ ပခုက္ကူ၊ မကွေးတို့တွင် သံဂဟေဆက်သင်တန်း၊ ဓာတ်ငွေ့ဂဟေသင်တန်း၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း၊ စိုက်ပျိုးရေး သုံးစက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးသင်တန်း၊ Tractor Diesel/Agro Mechanic, Electrical (House Wiring), Electrical (Industrial Installation) နှင့် Air Conditioning စသည့် နည်းပညာဘာသာရပ် ရှစ်ခုဖြင့် ကာလတိုသုံးလသင်တန်းများကို ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။
    
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)နှင့် ပူးပေါင်းဆောင်ရွက်မှုများ

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) အောက်တွင် အလုပ်အကိုင်အလိုက်ကျွမ်းကျင်မှု “စံ”များ သတ်မှတ်ရေးဆွဲရန်အတွက် အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ၁၆ ခုကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဦးဆောင်၍ ဆောင်ရွက်လျက်ရှိရာ သတ္တုနှင့် အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီကို စက်မှုဝန်ကြီးဌာနအောက်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီအနေဖြင့် ကျွမ်းကျင်မှု “စံ” များရေးဆွဲခြင်း၊ အလုပ်အကိုင်နယ်ပယ် ခုနစ်မျိုး စစ်ဆေးအကဲ ဖြတ်ရေးလုပ်ငန်းများကို တာဝန်ယူစစ်ဆေးပေး လျက်ရှိရာ Air Con Installer (Level–1,2)၊ Welder (MMAW, Level–1, 2)၊ Welder (GMAW,Level–1, 2)၊ (FCAW, Level-1, 2)၊ Welder (MAW, Level-3)၊ Foundry Worker (Level – 1, 2)၊ Small Engine Mechanic (Level-1)၊ Machinist (Level-1)၊ Automotive Mechanic (Level–1)၊ Automotive Mechanic (Chassis, Level–2)၊ Automotive Mechanic (Electrical, Level–2)၊ Automotive Mechanic (Power Train, Level–1) နှင့် Pneumatic Technician (Level–2) ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးအတွက် စစ်ဆေးအကဲဖြတ်ရေး ဌာနများ တည်ထောင်၍ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးလျက် ရှိပါသည်။ အဆိုပါကော်မတီအောက်တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် စစ်ဆေးအကဲဖြတ် ရေးဌာန (Assessment Centre) Level-1 အဆင့် ၅၃ ခု၊ Level-2 အဆင့် ၃၁ ခု၊ Level-3 အဆင့် သုံးခုတို့ဖြင့် စုစုပေါင်း ၈၇ ခုရှိပြီး Level-1 အဆင့် Assessment Centre ၅၃ ခုတွင် စစ်ဆေးသူ ၂၆ ဦးနှင့် အကဲဖြတ်သူ ၁၇၄ ဦး၊ Level-2 အဆင့် Assessment Centre ၃၁ ခုတွင် စစ်ဆေးသူ ၁၃ ဦးနှင့် အကဲဖြတ်သူ ၇၅ ဦး၊ Level-3 အဆင့် Assessment Centre သုံးခုတွင် စစ်ဆေးသူ တစ်ဦး၊ အကဲဖြတ်သူ လေးဦးတို့ဖြင့် စစ်ဆေးအကဲဖြတ်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ စက်မှုဝန်ကြီးဌာန အောက်ရှိ စက်မှုသင်တန်းကျောင်းများမှ NSSA ဖြင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် Assessment Centre ၁၅ ခု တည်ထောင်၍ စစ်ဆေးအကဲဖြတ် မှုကိစ္စများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စက်မှုသင်တန်းကျောင်းများမှ ဆရာ ဆရာမ ၅၇ ဦးက လည်း Chief Accessor အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ 

သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီသည် သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” များကို ရေးဆွဲပေးလျက်ရှိရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” Level-1 အဆင့် ကိုးခု၊ Level-2 အဆင့် ၁၃ ခုနှင့် Level-3 အဆင့် ရှစ်ခု စုစုပေါင်း ၃၀ ခုကို ရေးဆွဲအတည်ပြုပြီး ဖြစ်ပါသည်။ သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီအောက်ရှိ အလုပ်အကိုင်များမှ ကျွမ်းကျင် လုပ်သားများပေါ်ထွက်လာရေး သက်ဆိုင်ရာ အလုပ် အကိုင်နယ်ပယ် ခုနစ်မျိုးအလိုက် စစ်ဆေးအကဲဖြတ် ဌာနများတွင် Level-1 အဆင့် ၄၈၁၉ ဦးနှင့် Level-2 အဆင့် ၁၀၆၄ ဦးဖြင့် စုစုပေါင်းဖြေဆိုသူ ၆၈၀၁ ဦးကို စစ်ဆေးအကဲဖြတ်ဆောင်ရွက်ခဲ့ရာ ၅၈၉၀ ကျွမ်းကျင်မှုအရည်အချင်းပြည့်မီကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနက အမှတ်(၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ)နှင့် GIZ မှ Project Coordinator/ CIM Expert ဖြစ်သူဦးဆောင်၍ အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်းအောက်ရှိ အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးအတတ်သင်ကောလိပ် (ဘယ်လင်း) တို့တွင် 5S Lean Innovation Workshop Management သင်တန်း သုံးကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၁၇၁ ဦး လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ စက်မှုဝန်ကြီး ဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနက ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပါဝင်ဆောင်ရွက် ခဲ့သည့် နေပြည်တော်နှင့် ရန်ကုန်တို့တွင် ကျင်းပပြုလုပ်ခဲ့သော နည်းပညာပြပွဲ၊ ပြိုင်ပွဲများတွင် ရှစ်ကြိမ်တိုင်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။ 

စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာနအောက်ရှိ စက်မှုသင်တန်းကျောင်း များက ပုံမှန်သင်တန်းများ၊ စက်မှုနှင့် သက်မွေးပညာ ရွေ့လျားသင်တန်းများနှင့် ကာလတို သုံးလ သင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် နိုင်ငံအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို အတန်အသင့် ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ ၎င်းအပြင် NSSA ၏ စစ်ဆေးအကဲဖြတ်ရေးဌာန (Assessment Center) အဖြစ် လက်မှတ်ရရှိခြင်းအားဖြင့် သင်တန်းဆင်းများ၏ အရည်အသွေးနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်နိုင်ခြင်း၊ အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ခြင်း၊ အာဆီယံနိုင်ငံများ အကြား အပြန်အလှန် အသိအမှတ်ပြုလက်မှတ်များ ရရှိနိုင်ခြင်း၊ စက်မှုသင်တန်းကျောင်းများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် သင်ရိုးညွှန်းတမ်းများပြုပြင် ပြောင်းလဲနိုင်ခြင်း၊ စျေးကွက်၏ကျွမ်းကျင်မှု လိုအပ်ချက်နှင့် ကိုက်ညီမှုအခြေအနေတို့ကို သိရှိနိုင်ခြင်း၊ အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင်ခြင်း စသည့်အကျိုးရလဒ်များ ရရှိစေမည်ဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ မျိုးဆက်သစ်လူငယ်များအနေဖြင့် မိမိတို့ဘဝရေရှည်ရပ်တည်ရေး သေချာခိုင်မာ ထောက်ကူမှုပေးသော စက်မှုသင်တန်းအမျိုးမျိုးနှင့် စက်မှုသင်တန်းကျောင်းများသို့ ဆက်သွယ် တက်ရောက်သင်ကြားခြင်းဖြင့် အနာဂတ်ဘဝ သာယာလှပစေမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။ ။

ကိုးကား     
-    စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သင်တန်းကျောင်းများကြီးကြပ်ရေးဌာန
-    စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန