၁၁ မတ်

ဘာမဆိုင်၊ ညာမဆိုင် ငယ်ငယ်တုန်းက ကြားခဲ့ဖူးသော ပုံပြင်လေးတစ်ပုဒ်ကို သွား၍ သတိရမိသည်။ ရှေးရှေးတုန်းက လူတွေ၊ တိရ္ဆာန်တွေဟာ သက်တမ်းအတူတူပဲတဲ့။ တစ်နေ့တော့တန်ခိုးရှင် နတ်မင်းကြီးဆီကို နွားကရောက်လာပြီး အရှင်ကျွန်တော်အသက်ရှည်ရတာ အဓိပ္ပာယ်မရှိဘူး၊ တစ်ချိန်လုံး အလုပ်လုပ်နေရတယ်၊ လူသားတွေအတွက် ဆန်စပါး ရရှိအောင် ကြိုးစား ရုန်းကန်ပေးရတယ်၊ ကျွန်တော်တို့ကြောင့်ရရှိတဲ့ဆန်ကို ကျွန်တော်တို့ အသွေးအသားနဲ့ အစားခံရတယ်။ ဒါ့ကြောင့် ကျွန်တော့်သက်တမ်းတစ်ဝက်ကို အလှူခံပါလို့ပြောတယ်။ ဒီအခါ လူသားကကြားပြီး ကျွန်တော့်မှာ လုပ်စရာ အများကြီးရှိတယ်။ အချိန်က မလောက်ဘူးဖြစ်နေတယ်။ ဒါ ကြောင့် နွားလှူတဲ့ သက်တမ်းတစ်ဝက်ကို ကျွန်တော့်ကိုပေးပါလို့ ပြောတယ်။ ဒီအခါ တန်ခိုးရှင်နတ်မင်းကြီးက လူသားကိုပေးစေဆိုပြီး ဆုံးဖြတ်တယ်။ နောက်တော့ ခွေးကလည်း ပြော ပြန်တယ်။ တန်ခိုးရှင်နတ်မင်းကြီး၊ ကျွန်တော့်မှာလည်း ဒုက္ခဖြစ်နေတယ်။ လူသားတွေ အေးအေးဆေးဆေးအိပ်နိုင်ဖို့သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို လူဆိုး၊ သူခိုးတွေ မလုယက်နိုင်ဖို့ညမအိပ်ဘဲစောင့်ရတယ်။ မနက်အိပ်ပြန်တော့ လူသားတွေက အိပ်နေတာကိုပဲမြင်ပြီး အပျင်းထူတဲ့ခွေးလို့ပြောတာ ခံရတယ်။ လူရိပ်မည်းမည်းမြင်လို့ ဟောင်ပြန်တော့လည်း အိပ်ရေးပျက်တယ်ဆိုပြီး နီးရာပစ္စည်းတွေနဲ့ ကောက်ပေါက်တာခံရတယ်။ ကျွေးပြန်တော့လည်း အရိုးအရင်း၊ စာကြွင်းစားကျန်သာ ကျွေးတယ်။ ဒါကြောင့် ကျွန်တော့်အသက်တစ်ဝက်ကို လှူလိုပါတယ်လို့ပြောတော့ လူသားက ကျွန်တော့်မှာ အချိန်တွေမလောက်ဘူး၊ ယူမယ်လို့ပြောပြီး ထပ်ယူခဲ့တယ်။ နောက်ဆုံး မျောက်ကလည်း ဘဝတစ်လျှောက်လုံး အငြိမ်မနေရဘဲ ပြေးလွှားနေရလို့ အသက်မရှည်ချင်ဘူး။ တစ်ဝက်လှူပါရစေ ပြောပြန်တော့ ပေးတိုင်းယူတဲ့ လူသားကပဲ အသက်တစ်ဝက်ကိုရယူခဲ့တယ်တဲ့။

လူသားသက်တမ်း

ထို့ကြောင့်ပင် ကျွန်တော်တို့ လူသားများသည် အသက်၂၀ နီးပါးအထိ လူ့သက်တမ်းကို ပိုင်ဆိုင်၍ အများအားဖြင့်မပူမပင်၊ မတောင့်မတ၊ မကြောင့်မကျ နေထိုင်နိုင်သည်။ ပညာရေးကို အေးအေးဆေးဆေး သင်ယူနိုင်ကြသည်။ မိဘများက လိုလေသေးမရှိအောင် စောင့်ရှောက်ထားကြသည်။ သို့သော်အသက် ၂၀ ကျော်လွန်ပါက အိမ်ထောင်ကျပြီဖြစ်၍ နွားသက်တမ်းကို စတင်ပိုင်ဆိုင်ရပြီး နွားလိုပင် တစ်ဝမ်းတစ်ခါးအတွက်ရုန်းကန်လှုပ်ရှားကြရသည်။ ကာယအား၊ ဉာဏအားဖြင့်ကြိုးစားအလုပ်လုပ်ကြရသည်။ ဇနီး၊ သားသမီးများ ရရှိလာပြီဖြစ်၍ မိဘအိမ်မှာ နေထိုင်ရသကဲ့သို့ နေ၍ မရ၊ ဘဝတိုးတက်စေရေး ရည်မှန်းချက်ထားကာ အလုပ်လုပ်ကြရသည်။ ထမ်းပိုး မတပ်ရုံတစ်မယ်ပင်ဖြစ်သည်။ အသက် ၄၀ ကျော်လွန်ပါက ခွေးသက်တမ်းကို ပိုင်ဆိုင်ခဲ့၍ ဇနီး၊ သားသမီးမိဘများအတွက်စိတ်ပူပင်သောကရောက်ရသည်။ မတော်သူတွေနဲ့ တွေ့မလား။ ဘာတွေများ အခက်အခဲကြုံတွေ့နေရလဲ စသည်ဖြင့် ပူပင်မှုများစွာကို ကြုံတွေ့ရမည့် သက်တမ်းဖြစ်သည်။ အသက် ၆၀ ကျော်ပါက မျောက်သက်တမ်းကို ပိုင်ဆိုင်၍ အိမ်ထောင်ကျ နေပြီဖြစ်သော၊ အလုပ်အကိုင်ရရှိနေပြီဖြစ်သော သားသမီး တွေဆီ အပြေးအလွှားသွားလိုက်၊ သားသမီးတွေဆီ ရောက်ပါလျှင်လည်း ဇနီး၊ ခင်ပွန်းကို စိတ်မချ။ ချော်များလဲနေလား၊ ထမင်းစားတာမှ အဆင်ပြေရဲ့လား စသည်ဖြင့် တွေးပူ၍ ပြေး လွှားပြန်လာရပြန်သည်။ နောက်ဆုံး မသွားနိုင်၊ မလာနိုင်တော့မှ မျောက်မှိုင်မှိုင်ကာ ပုတီးလက်တွင်ကိုင်၍ ရပ်တန့်သွားတော့သည်။ ခန္ဓာသာ ရပ်တန့်သည်။ စိတ်တွေကတော့ ဟိုပြေး ဒီပြေး ဖြစ်နေဆဲပင်ဖြစ်သည်။ ဖုန်းတစ်လုံးဖြင့် ပါးစပ်က အငြိမ်မနေနိုင်။ သာကြောင်းမာကြောင်း စသည်ဖြင့် မေးမြန်းပြောဆိုဆုံးမရင်း ဘဝသစ်သို့ အချိန်တန်တော့ ကူးပြောင်းကြရသည်ဟု ပုံပြင်က ဆိုထားသည်။ လူသားဘဝကို ရရှိလာခြင်းကြောင့်အဆိုပါ အသက်အပိုင်းအခြားများကို ရရှိဖြတ်သန်းကြရမည်မှာ ဓမ္မတာပင်ဖြစ်သည်။

ဆရာတစ်ယောက်ကလည်း ပြောဖူးသည်။ သူ့သားဖြစ်သူသည် ဘွဲ့ရရှိပြီဖြစ်သော်လည်း အလုပ်လုပ်ဖို့ စိတ်မဝင်စား။ ဖုန်းလေးပွတ်လိုက်၊ သူ့သူငယ်ချင်းများနဲ့ လက်ဖက်ရည်ဆိုင်ထိုင်လိုက်နဲ့ အချိန်ကုန်နေတာမြင်တော့ မင်းအသက်မွေးမှုအလုပ်တစ်ခုလုပ်ဖို့ စိတ်ကူးမရှိဘူးလားလို့ မေးကြည့်တော့သားဖြစ်သူကပြန်ပြောတဲ့ စကားတစ်ခွန်းကြောင့် ဘာပြန်ပြော ရမှန်းတောင် မသိခဲ့ဘူးတဲ့။ သူ့သားပြောတဲ့စကားက “အခုလဲအဖေမလုပ်နိုင်တဲ့ အလုပ်တွေကို သားလုပ်နေတာပဲ မဟုတ်လား” တဲ့။ ကဲ စဉ်းစားကြည့်ပါတော့။ ကျွန်တော့်ဆရာသည်ဝန်ထမ်းတစ်ယောက်အဖြစ် ရိုးသား၊ ကြိုးစား၊ သစ္စာရှိစွာဖြင့်တာဝန်ထမ်းဆောင်နေသည်။ သူသားကဲ့သို့ လက်ဖက်ရည်ဆိုင်ထိုင်ချိန်၊ ဖုန်းပွတ်ချိန် မရှိခဲ့။ အချိန်တိုင်း လုပ်ငန်းတာဝန်များနဲ့ နပန်းလုံးနေရသည်။ တစ်ဦးတည်းသောသားဖြစ်သူကိုအလိုလိုက်ထားသည်။ အခုတော့ သားဖြစ်သူသည် ထမင်း၊ ဟင်းကို အိမ်ကကျွေး၊ အထွေထွေအသုံးစရိတ်များကို မိခင်၊ ဖခင်ထံမှ အလွယ်တကူ ရရှိနေသဖြင့် ဘဝကိုပြည့်စုံနေသည်ဟု မှတ်ထင်နေသည်။ ဘွဲ့ရ အလုပ်လက်မဲ့တစ်ယောက် ဖြစ်နေသော်လည်း ရှက်ရကောင်းမှန်းမသိဘဲ အချိန်တိုင်း ဖုန်းပွတ်လိုက်၊ လက်ဖက်ရည်ဆိုင်ထိုင်လိုက် လုပ်နေသည်ကိုပင်အချိန်ဖြုန်းတီးနေသည်ဟု မမြင်ဘဲ သူ့ဖခင်ကိုပင် အဖေမလုပ်နိုင်တဲ့ အလုပ်တွေ လုပ်နေကြောင်း ဂုဏ်ယူစွာပြောနေသည်။

အချိန်အခါ၊ အသက်အရွယ်အလိုက်

ဝန်ထမ်းအလုပ်ဖြစ်စေ၊ ကိုယ်ပိုင်အလုပ်ဖြစ်စေ အချိန်အခါ၊ အသက်အရွယ်၊ အရင်းအနှီးအလိုက် လုပ်နေကြရသည်။ ထိုက်သင့်သော ကျွမ်းကျင်မှုကို ရယူထားကြရသည်။ မိမိလုပ်ကိုင်မည့် အလုပ်အကိုင်နှင့်ပတ်သက်သော သင်တန်းများစွာကိုတတ်မြောက်ကြရမည်။ မြေပြင်တွင် လုပ်ကိုင်မှုအခြေအနေ၊ အကျိုးအမြတ်၊ ရေရှည်ရပ်တည်နိုင်စွမ်း ရှိမရှိ သုံးသပ်ဆုံးဖြတ်ရပေမည်။ သို့မှသာ အလုပ်အကိုင်များကို လုပ်ကိုင်ရာ တွင်လွယ်ကူချောမွေ့စေမည်ဖြစ်သည်။ ကျွန်တော့်ဆရာဖြစ်သူ၏ သားကဲ့သို့ပင် ကျန်ရှိသည့် အချို့သော သား၊ သမီးများစွာလည်း အလားတူရှိနေမည်ဟု ယူဆမိသည်။ အနာဂတ် လူ့စွမ်း အားအရင်းအမြစ်များသည် ငွေကုန်၊ အချိန်ကုန်ခံ၍ ဖုန်းများ ပွတ်နေခြင်း၊ အကြောင်းမဲ့ ရည်ရွယ်ချက်မရှိဘဲ လက်ဖက်ရည်ဆိုင်ထိုင်ကာ အချိန်ဖြုန်းတီးနေကြခြင်းသည် ရင်လေးစရာပင်ဖြစ်သည်။

ဖုန်း၊ အင်တာနက်နှင့် အချိန်ဖြုန်းခြင်းဖုန်းသည် ခေတ်နှင့်အညီပေါ်ပေါက်လာသော စက်ပစ္စည်း တစ်ခုဖြစ်၍ ဘဝတိုးတက်ရေး၊ အောင်မြင်ရေးများရရှိရန်သတင်းအချက်အလက်၊ ဗဟုသုတများ များစွာပါဝင်သော်လည်း ထိုအချက်များအစား အတင်းအဖျင်းသတင်းများ၊ ရန်လိုဒေါသဖြစ်မှုများကို ဖော်ပြထားသော စာသားများကိုစိတ်ဝင်တစား ကြည့်ရှုခြင်း၊ ဝေဖန်ခြင်း၊ ဆဲဆိုခြင်း စသည်များကို တော်တော်များများ အသုံးပြုနေကြသည့် လူငယ်၊ လူရွယ်များကိုသာ ရည်ညွှန်းပြောဆိုလိုခြင်းဖြစ်သည်။ ခေတ်မီ စက်ပစ္စည်းများကို အကျိုးရှိစွာ သုံးနေသော၊ ဘဝတိုးတက်ရေး အတွက် ကြိုးစားနေသော လူငယ်လူရွယ်များကိုမူ မပြောဆိုလိုပါ။ အားပေးပါသည်။ မိဘများကလည်း လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသင့်ပါသည်။

ထို့အပြင် ဖုန်းဖြင့်ပြောလိုက်သော စကားတစ်ခွန်း၊ နှိပ်လိုက်သော ခလုတ်လေးတစ်ချက်သည် အသုံးပြုသူအတွက်မည်သို့ပင် အကျိုးရှိသည်ဖြစ်စေ၊ အကျိုးမဲ့သည်ဖြစ်စေ၊ အလဟဿ ကုန်သွားသည်ဖြစ်စေ၊ ထိုသို့ လုပ်လိုက်သည့်အတွက်ဖုန်းဝန်ဆောင်မှုလုပ်ငန်းကတော့ ကုန်ကျစရိတ်တန်ဖိုးကိုတွက်ချက်ရယူနေသည်မှာ အမှန်တရားပင်ဖြစ်သည်။ မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများသည်စားသုံးသူများ၏ လိုလားချက်များကို အစွမ်းကုန် ဖြည့်ဆည်း ပေးနေသည်။ ဈေးကွက်စီးပွားရေးစနစ်အရ မီဒီယာနည်းလမ်း ပေါင်းစုံကို အသုံးပြု၍ သူ့ထက်ငါ အပြိုင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုလုပ်ငန်းများကို သွားရေကျဖွယ် ဆောင်ရွက်နေ ကြသည်။ ထိုသို့ ဆောင်ရွက်မှုကြောင့် လူငယ်၊ လူရွယ်များ သာမက၊ ကလေးသူငယ်များကပင် ကျွန်တော်တို့ငယ်စဉ်ကလိုမုန့်ဖိုးတောင်းမည့်အစား ဖုန်းဝယ်ပေးပါ။ ဖုန်းဘေဖိုးပေးပါဟုဖြစ်နေကြသည်။ ခေတ်မီလာသည်၊ တိုးတက်လာသည်ဟု ထင်ကောင်းထင်နေကြမည်ဖြစ်သော်လည်း အကန့်အသတ်ထား သင့်သည်။ ခေတ်မီတိုးတက်ဖွံ့ဖြိုးမှု၏နောက်တွင် ပေးဆပ်ခဲ့ရသော အချိန်များ၊ ငွေများ၊ ဘဝများကို မြင်ရန်လိုပါသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများက မြန်မာနိုင်ငံရှိ၅၁ သန်းကျော်သော ပြည်သူများအနက်မှသန်း ၄၀ ကျော်ကိုဝန်ဆောင်မှုပေးလျက်ရှိသည်ဟု သိရသည်။ လူအချို့ဆိုလျှင်တစ်ဦးတည်း ဝန်ဆောင်မှု သုံး၊ လေးမျိုး ရယူထားကြသည်။ တစ်မိနစ်လျှင် ငါးကျပ်နှုန်း ပေးရသည်ဆိုပါစို့။ တစ်ဦးလျှင်ဖုန်းတစ်လုံး ကိုင်ထားပါက မြန်မာနိုင်ငံမှ တစ်မိနစ်အတွက်ကျပ်သန်း ၂၀ဝ ကျော်သည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ပေးရသည်။ တစ်နာရီလျှင် သန်း ၁၂၀ဝဝ ကျော်၊ တစ်ရက်လျှင် ကျပ်သန်းပေါင်း ၂၈၈၀ဝဝ ကျော်သည်လေများပေါ်၊ စက်များပေါ်တွင် ကုန်ဆုံးသွားပြီကို သိရှိနား လည်သင့်သည်။ တစ်လ၊ တစ်နှစ်ဆိုရင် ဘယ်လောက်များ ဖြစ်သွားပြီလဲ။ အဲဒီကုန်ကျငွေတွေထဲက ကျွန်တော်တို့ ဘဝတိုးတက်ရေးအတွက် ဘယ်လောက်အကျိုးကျေးဇူးရခဲ့သလဲဆိုသည့် အသိတရားကို လက်ကိုင်ထား၍ သတိထားမိကြပါရဲ့လား။

နားနှစ်ဖက်ကို နားကြပ်တပ်၍ ဖုန်းပြောရင်း၊ သီချင်း နားထောင်ရင်း လမ်းကူး၍ ကားတိုက်ခံရပြီး သေကျေ ဒဏ်ရာ ရရှိသူ၊ ဖုန်းပြောရင်း ယာဉ်မောင်း၍ တိုက်မိကာ သေကျေ ဒဏ်ရာရရှိသူ၊ အွန်လိုင်းပေါ်တွင်တွေ့၍ ချစ်၊ ကြိုက်၊ ကွဲ၊ ညား၊ ကြေကွဲမှုတွေခံစားနေရသူ၊ ဖုန်းအသုံးလွန်၍ ကောင်းမွန်နေ သောကိုယ်ခံစွမ်းအားများ ပျက်ယွင်းသွားရသူတွေ တဖြည်းဖြည်း များလာသည်။ အချိန်မီ ပညာပေးလုပ်ငန်းများ မလုပ်ပါက လူငယ်များမှသည် နိုင်ငံတော်အတွက်ပင် အန္တရာယ်ကြီးသော ကပ်ဆိုးကြီးတစ်ခုသဖွယ် ကြီးထွားလာမည်ကိုပင်စိုးရိမ်မိပါသည်။

မူးယစ်ဆေးနှင့် လောင်းကစားအန္တရာယ်

ထို့အပြင် အနာဂတ်နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြသည့် အချို့သော လူငယ်၊ လူရွယ်များသည်မူးယစ်ဆေးဝါး၊ လောင်းကစားသံသရာထဲတွင် ပျော်ရွှင်စွာ ကူးလူးနေကြဆဲဖြစ်သည်။ အချိန်တန်လျှင် မိသားစုဘဝကိုပိုင်ဆိုင်လာမည်။ မိသားစုဘဝ တိုးတက်ရေးအတွက် ကြိုးစားရမည်။ လူသားတာဝန်များကို အသက်အပိုင်းအခြားအလိုကကြိုးစားဆောင်ရွက်ရမည်ကို မေ့လာကြသည်။

နိုင်ငံရပ်ခြားသို့ သွားရောက်ပြီး ပြန်လာသူအချို့က ပြောကြသည်။ သူတို့ရောက်ခဲ့သော နိုင်ငံများတွင် တိုးတက်နေပုံများ၊ ခေတ်မီနေပုံများ၊ စနစ်တကျ စည်းကမ်းလိုက်နာကြပုံများ၊ နိုင်ငံသားများ၏ တစ်ဦးချင်းအသိစိတ်ဓာတ်၊ ကြိုးစားဆောင်ရွက်နေပုံများကို မစားရဝခမန်း ပြောပြကြသည်။ မိမိနိုင်ငံကိုအခြားနိုင်ငံများနည်းတူ တိုးတက်စေလိုသောသဘောဖြင့်ပြောကြခြင်းဖြစ်၍ ကြိုဆိုရပေမည်။

မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်တိုးတက်သော နိုင်ငံကြီးများကို လေ့လာကြည့်လျှင်နိုင်ငံသားများ၏ တူညီမှုငါးရပ်ကို တွေ့ရှိရသည်။ စည်းကမ်းလိုက်နာမှု၊ ကြိုးစားအားထုတ်မှု၊ အဂတိတရားကင်းရှင်းမှု၊ မိမိနိုင်ငံတိုးတက်ရေးအတွက် ပေးဆပ်ဆောင်ရွက်ပေးလိုမှု၊ မိမိနိုင်ငံအတွက် ဂုဏ်ယူမှုတို့ဖြစ်ကြောင်း တွေ့ရသည်။

ဆိုလိုသည်မှာ ခေတ်မီတိုးတက်သော နိုင်ငံတိုင်းရှိနိုင်ငံသားများသည် ထုတ်ပြန်ထားသော ဥပဒေ၊ စည်းကမ်းများကိုတိကျစွာ လိုက်နာသည်။ မိမိဘဝတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုအလိုက် ကြိုးစားဆောင်ရွက်သည်။ အဂတိတရားဖောက်ဖျက်ရန် ရွံရှာသည်။ မိမိနိုင်ငံအတွက် ကျရာတာဝန်ကို ပေးဆပ်ထမ်းဆောင်ရန် အသင့်ဖြစ်နေသည်။ မိမိနိုင်ငံတိုးတက်မှုများကို ဂုဏ်ယူသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိနိုင်ငံသားများတွင်သာ တာဝန်ရှိသည်။ အထူးသဖြင့် လူငယ်များတွင် အဓိက တာဝန်ရှိသည်။ နိုင်ငံတစ်ခု ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော လူငယ်များ၏ စည်းကမ်းလိုက်နာမှု၊ ကြိုးစားအားထုတ်မှု၊ အဂတိကင်းရှင်းမှု၊ နိုင်ငံအတွက် ပေးဆပ်မှု၊ ဂုဏ်ယူမှုတို့ ပြည့်စုံရန်သာ လိုသည်။ လူမှုရေးနယ်ပယ်တွင် ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာဟု ပြောကြသည်။

ပထမအရွယ်ဖြစ်သည့် မွေးစမှ နှစ်ဆယ့်ငါးနှစ်အတွင်း အသိပညာ၊ အတတ်ပညာများကို ရှာမှီးကြရာတွင် အတန်း ပညာထူးချွန်ဖို့၊ ဘွဲ့များစွာရရှိဖို့အတွက်သာ မိဘများက သား၊ သမီးများကို လောဘတကြီး ပုံသွင်းနေခြင်းများသည် လူငယ်များအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။ စာတတ်ရန်သာ ဖြစ်စေပြီး ပညာတတ်ရန် ဝေးကွာသွားပေမည်။ လူငယ်တိုင်း ဆရာဝန်ဖြစ်သွားပါက၊ အင်ဂျင်နီယာများ ဖြစ်သွားပါကလည်း အခြားနယ်ပယ်အသီးသီးတွင် နိုင်ငံဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့်သူ ရှိတော့မည်မဟုတ်ပေ။

ဒုတိယအရွယ်ဖြစ်သည့် အသက်၂၅ နှစ်မှ ၄၅ အတွင်း ဥစ္စာရှာ ဆိုသည်မှာလည်း ရှင်းလင်းလှသည်။ ပထမအရွယ်တွင်တတ်မြောက်ထားသော အသိပညာ၊ အတတ်ပညာများကိုအရင်းပြု၍ ငွေကြေး၊ စည်းစိမ်ဥစ္စာများ ရှာဖွေရန်ဖြစ်သည်။ ထိုသို့ ရှာဖွေကြရာတွင်လည်း ခေတ်ကာလအလိုက် ထုတ်ပြန်ထားသော စည်းကမ်း၊ ဥပဒေများအတိုင်း လိုက်နာ၍ အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရန် လိုအပ်သည်။ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး ကင်းရှင်းရန်လည်း လိုသည်။ သို့မှသာ မိမိလည်း ကြွယ်ဝချမ်းသာမည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထောက်အကူပြုမည်ဖြစ်မည်။

တတိယအရွယ်ဖြစ်သည့် အသက် ၄၅နှစ်မှ ဘဝသစ်သို့ ကူး ပြောင်းမည့်အချိန်အတွင်း၌မူ မိမိဖြတ်သန်းခဲ့သမျှ၊ လှုပ်ရှား ဆောင်ရွက်ခဲ့သမျှထဲမှ အားသာချက်၊ အားနည်းချက်များကိုဆင်ခြင်သုံးသပ် ဖြန့်ဝေရမည်။ ကိုးကွယ်ရာဘာသာအလိုက်ဘဝသစ်သို့ ကူးပြောင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေရ မည်ဖြစ်သည်။

လူငယ်များ၏ များပြားလှသောတာဝန်

သို့ဖြစ်ပါ၍ ယနေ့ လူငယ်များအပေါ် နိုင်ငံတော်၏ မျှော်လင့်ချက်သည် ကြီးမားသည်နှင့်အမျှ လူငယ်များ၏ တာဝန်သည်လည်း များပြားလှပါသည်။ တစ်ချိန်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်း တာဝန်ယူကြမည့် လူငယ်များသည်အသက်အရွယ်အလိုက် သိသင့်သိထိုက်သော၊ တတ်သင့်တတ်ထိုက်သော အသိပညာများကို တတ်မြောက်ထားရန်လိုသည်။ သို့မှသာ တာဝန်ပေးအပ်လာပါက အသင့်တာဝန်ယူနိုင်မည်ဖြစ်သည်။ မလိုလားအပ်သော အလွဲသုံးမှုများကိုရှောင်ရှားရန်လိုသည်။ အချင်းချင်းလည်း ပညာပေးကြရန်လိုသည်။ ကောင်းသောလမ်းသို့ လက်တွဲခေါ်ယူရန်လိုသည်။ နိုင်ငံသားတစ်ဦး၊ ဝန်ထမ်းတစ်ဦးအနေဖြင့် လိုက်နာရန် နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဥပဒေ၊ စည်းကမ်းများနှင့်အညီလိုက်နာရန်လိုသည်။ သို့မှသာ အနာဂတ်လူငယ်များကြောင့်အနာဂတ်နိုင်ငံတော်သည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာမည်ဟုယုံကြည်မိပါသည်။ ။

နိုင်ဦး(DOCA)