ဦးအောင်ကျော်ခိုင်(ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ)
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်တွင် ကလေးစာပေပွဲတော်များကို နိုဝင်ဘာလမှ စတင်၍ ဧပြီလအထိ သတ်မှတ်ရက်များတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွား မည်ဖြစ်ရာ ပထမဦးဆုံးဆောင်ရွက်မည့် ချောင်းသာ ကလေးစာပေပွဲတော်အကြို ရင်တွင်းစကားသံများကို အများပြည်သူသိရှိရန် မျှဝေဖော်ပြပေးလိုက်ပါသည်။
ဦးအောင်ကျော်ခိုင်
(ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ)
ပြီးခဲ့တဲ့နှစ်က ဧရာဝတီတိုင်းဒေသကြီးမှာ ကလေးစာပေပွဲတော် ကျင်းပခဲ့တာ အလွန်အောင်မြင်ပါတယ်။ အခု အဲဒီစာပေ ပွဲတော်ရဲ့ အောင်မြင်မှု နောက်ဆက်တွဲအဖြစ် ဆက်လက်ဆောင်ရွက်တာလို့ ပြောရမှာဖြစ် ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးရဲ့ မြို့နယ် အသီးသီးမှာ ဒီကလေးစာပေပွဲတော်တွေကို ရက်များပိုင်းခြားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အနာဂတ် မျိုးဆက်သစ်တွေကို စာပေရဲ့အရေးပါပုံကို မြင်စေချင်၊ သိစေချင်လို့ ဆောင်ရွက်တာဖြစ်ပါတယ်။ မြို့နယ်အားလုံးမှာ ဖြန့်ကြက်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဦးသန်းဆွေဝင်း (အတွင်းရေးမှူး)
(ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့)
ဒီချောင်းသာ ကလေးစာပေပွဲတော်က ကျွန်တော်တို့ တိုင်းဒေသကြီး ၂၆ မြို့နယ်လုံး မှာ ကျင်းပမယ့်အထဲမှာ ပထမဆုံး ကျင်းပမယ့် ပွဲဖြစ်ပါတယ်။ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်အောင်နဲ့ ကလေးတွေအတွက် ဗဟုသုတရရှိအောင် စီမံဆောင်ရွက်ထားပါတယ်။ ကလေးစာပေပွဲတော်တွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီးနဲ့ ခရိုင်သုံးခုမှာ ဆောင်ရွက်ခဲ့ရာမှာ ကလေးများရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဟာ အံ့မခန်းရှိခဲ့သလို အလွန်ပဲ စိတ်ကြည်နူးဖို့ ကောင်းပြီး ကလေးတွေ စိတ်ဝင်စားမှု အားကောင်းတဲ့အတွက် အဲဒီအပေါ်မှာ မူတည်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အစည်းအဝေး အကြိမ်ကြိမ်ခေါ်ယူပြီး မြို့နယ်အသီးသီးမှာ လုပ်နိုင်ရင် ကလေးတွေရဲ့ လူသားအရင်းအမြစ် အတွက်လည်း အထောက်အကူရမယ်။ နောက်ပြီး စာပေဗဟုသုတလေ့လာ တဲ့ ဝါသနာလေးတွေပါလာအောင် ၂၆ မြို့နယ် လုံးမှာ ပြုလုပ်ဖို့အတွက် စီမံဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအတွက်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပညာရေးဌာနတို့ ပူးပေါင်းပြီးတော့ မြို့မိမြို့ဖတွေနဲ့အတူ မြို့နယ်တိုင်းမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပဖို့အတွက် စီမံဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
နောက်အခန်းကဏ္ဍတစ်ခုအနေနဲ့ တင်ပြ ချင်တာက ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများဆိုတဲ့ အခန်းကဏ္ဍလေးမှာလည်း ကလေးငယ်တွေအနေနဲ့ ကိုယ့်တိုင်းဒေသကြီး ဇာတိဖြစ်တဲ့ နိုင်ငံအကြီးအကဲတွေ၊ ထင်ပေါ်ကျော်ကြားသူတွေကိုသိပြီး အားကျနိုင်ဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့်လေး ဆောင်ရွက်ထားပါတယ်။ ဒီလို ဆောင်ရွက်ခြင်းအား ဖြင့် ကလေးတွေအနေနဲ့ အားကျအတုယူနိုင် သလို ပညာရေးဗဟုသုတတွေ များစွာရရှိ မယ်လို့ ယုံကြည်ပါတယ်။
ဦးကျော်သူ
(ဦးစီးအရာရှိ၊ချောင်းသာမြို့အုပ်ချုပ်ရေးမှူး)
တိုင်းဒေသကြီး ၂၆ မြို့နယ် ကျင်းပတဲ့ နေရာမှာ ချောင်းသာမှာ လာပြီးတော့ ဒီကလေးစာပေပွဲတော်ကို ပထမဆုံးကျင်းပ တဲ့အတွက် ဝမ်းသာရပါတယ်။ ချောင်းသာ ပတ်ဝန်းကျင်ဖြစ်တဲ့ ငွေဆောင်၊ ရွှေသောင်ယံ တို့မှာရှိတဲ့ ကလေးငယ်တွေ အသိပညာ ဗဟုသုတဖွံ့ဖြိုးလာမယ်၊ စာဖတ်တဲ့ အလေ့ အကျင့်လေးတွေ ရရှိလာမယ်၊ ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အကျင့် လေးတွေ ရရှိလာမယ်၊ လူနေထိုင်မှုအဆင့်အတန်းတွေ ဘယ်လိုမြှင့်တင်ရမယ်၊ ဘယ်လို လူ့ကျင့်ဝတ်တွေ လိုက်နာရမလဲဆိုတာ စာအုပ်စာပေတွေကနေ သားငယ်၊ သမီးငယ်များက ဖတ်ရှုပြီး တကယ့်နိုင်ငံတော်ကနေ အားထားရတဲ့ အနာဂတ်ကြယ်ပွင့် လေးတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
ဒေါ်ခင်မျိုးမျိုး(အလယ်တန်းပြဆရာမ)
ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသလို ဒီကလေးတွေဟာ တစ်ချိန်မှာ နိုင်ငံခေါင်းဆောင်နေရာမှာ တာဝန်ထမ်းဆောင်ရမယ့် သူတွေဖြစ်တဲ့အတွက် သူတို့ ယူရမယ့်တာဝန်၊ သူတို့ လက်ခံကျင့်သုံးရမယ့် စိတ်ဓာတ်၊ ကိုယ်ကာယကြံ့ခိုင်မှု ရှိ/မရှိ၊ ဒါတွေ အတွက်ကို ဒီပြပွဲ၊ ပြိုင်ပွဲ၊ ကစားပွဲလေးတွေကနေ ရလာနိုင်မယ်။ နောက်ပြီး စာပေအကြောင်းအရာလေးတွေပါ လေ့လာခွင့်၊ သိခွင့်ရမယ်လို့ ယုံကြည်ပါတယ်။
ဒီကလေးစာပေပွဲတော်ကို ပုသိမ် တက္ကသိုလ်မှာ ကြုံခဲ့ကတည်းက ကျွန်မတို့ အ.ထ.က ချောင်းသာမှာလည်း လာပြီးတော့ ကျင်းပစေချင်တဲ့ဆန္ဒဟာ အခုတော့ ပြည့်သွားပြီ ဖြစ်ပါတယ်။
မောင်သိန်းစိုးစံ
(ဒသမတန်း - အ.ထ.က ချောင်းသာ)
ဒီကလေးစာပေပွဲတော်မှာ ကျွန်တော်က ပံ့ပိုးကူညီရေးအဖွဲ့ကနေ ပါဝင်ပြီး သူငယ်ချင်း တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ အခု စာပေပွဲတော်မှာ ဟောပြောပွဲတွေ၊ ကစားနည်းတွေပါဝင်တာ သိရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်က စာအုပ်စာပေ ဖတ်ရတာကို ဝါသနာပါပြီး သမိုင်းကြောင်းစာအုပ်တွေကို ပိုပြီးစိတ်ဝင်စားပါတယ်။ စာအုပ်အရောင်းဆိုင်တွေမှာလည်း စာအုပ်တွေ ဝယ်မယ်လို့ စိတ်ကူးထားပါတယ်။ ကျွန်တော် တို့ကျောင်းမှာ လာရောက်ဆောင်ရွက်တာဟာ ကျောင်းသား ကျောင်းသူတွေအတွက် ရလဒ်ကောင်းတစ်ခုဖြစ်တယ်လို့ ပြောချင်ပါတယ်။
တိုင်းဒေသကြီး (ပြန်/ဆက်)


