ကိုဘုန်း(ထုတ်လုပ်)

 

ကလေးများသည် အနာဂတ်တွင် တိုင်းပြည်၏တာဝန်ကို ပခုံးလွှဲပြောင်းတာဝန်ယူကြရမည့် အနာဂတ်၏ မျိုးဆက်သစ်များဖြစ်သည်။ ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အားပုံဖော်ရာတွင် အလွန်အရေးကြီးသောကြောင့် ကလေးငယ်များသည် နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော လူသားအရင်း အမြစ်များဖြစ်ပါသည်။ ကလေးသူငယ်များ၏ လက်ရှိအခြေအနေသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်၊ စီးပွားရေး၊ လူမှုရေး၊ ရုပ်ဝတ္ထု/စိတ်ပိုင်းဆိုင်ရာ အတက်၊ အကျ အနိမ့်၊ အမြင့်ကို ညွှန်းဆိုနိုင်သော ကြောင့် ကလေးများကို ကောင်းမွန်စွာပြုစုပျိုးထောင်ရန် အလွန်အရေးကြီးပါသည်။ ကလေးများသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည်ကို အားလုံးလက်ခံ ထားသကဲ့သို့ တိုင်းပြည်တစ်ခု၏ ပစ္စုပ္ပန်အကျိုး သည် လူကြီးများလက်ထဲတွင်ရှိပြီး အနာဂတ်အကျိုးသည် ကလေးများ၏ လက်တွင်ရှိသည်သာ ဖြစ်သည်။

 

ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာစေရန် အခြေခံအခွင့်အရေးများကို ဖြည့်ဆည်းပေးခြင်းဖြင့် ကျန်းမာ၍ ပညာသင်ယူခွင့်ရှိသော ပြည့်စုံသောဘဝများဆီသို့ လျှောက်လှမ်း နိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ကလေးများအတွက် အခြေခံအခွင့်အရေးများရရှိစေရေး ဆောင်ရွက်ရန်မှာ နိုင်ငံတော်အစိုးရသာမက ပြည်သူများ၊ မိဘများ၊ မိသားစုဝင်များနှင့် ရပ်ရွာလူထုများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်သည်။ ကလေးသူငယ်များ၏ အခွင့်အရေးများအား အပြည့်အဝ ဖော်ဆောင်ပေး နှိုးဆော်ပေးရန်အတွက် နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့ အဖြစ် သတ်မှတ်ကာ ကမ္ဘာတစ်ဝန်းကျင်းပလေ့ရှိပါသည်။

 

ကမ္ဘာ့ကလေးများနေ့ဖြစ်ပေါ်လာပုံ

ကမ္ဘာပေါ်ရှိကလေးများ၏အနာဂတ် ပိုမိုတောက်ပနိုင်စေရေး၊ ကလေးများအား ကာကွယ်မှု အပြည့်အဝ ပေးနိုင်ရေး၊ ကလေးများ၏အခွင့်အရေးများ ပိုမိုရရှိစေနိုင်ရေး၊ ကလေးများရင်ဆိုင်ကြုံတွေ့ရတတ်သည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေး တို့ကိုရည်ရွယ်၍ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ချက်အမှတ် ၈၃၆(၉)ကိုချမှတ်ပြီး ကမ္ဘာ့ ကလေးများနေ့ကို ကမ္ဘာတစ်ဝန်းတွင် သတ်မှတ်ကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။

 

ကမ္ဘာတစ်ဝန်းလုံးရှိ ကလေးများ၏ အနာဂတ်ပိုမိုတောက်ပနိုင်စေရေး၊ ကလေးများအား ကာကွယ်မှု အပြည့်အဝပေးနိုင်ရေး၊ ကလေးများ၏ အခွင့်အရေးများ ပိုမိုရရှိစေနိုင်ရေး၊ ကလေးများ ရင်ဆိုင် ကြုံတွေ့ရတတ်သည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ကို “ကမ္ဘာ့ကလေးများနေ့” (World Children’s Day) အဖြစ် ကျင်းပလျက်ရှိသည်။ ထိုနေ့သည် ၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း (Declaration of the Rights of the Child) နှင့် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (United Nations Convention on the Rights of the Child) တို့အား အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းတို့ကို ကိုယ်စားပြုထားခြင်းလည်း ဖြစ်သည်။

 

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ

မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်း ရှင်း(UNCRC)ကို ၁၉၉၁ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ကာ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ပါသည်။ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာအစိုးရ ဌာနများ၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့ပါသည်။

 

ထိုဥပဒေ၏ရည်ရွယ်ချက်မှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်၏ အခွင့်အရေးများကို အကောင် အထည်ဖော်ဆောင်ရွက်ရန်၊ ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးများကိုဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ ပညာသင်ယူမှုအခွင့်အလမ်း ရရှိရေးအပါအဝင် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ရန်၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်များအား နိုင်ငံတော်၊ စေတနာ့ ဝန်ထမ်းပုဂ္ဂိုလ်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ် မှုခင်းကို သီးခြားစစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန် သော ကလေးသူငယ်၏ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ဆောင်ရွက်ရန်နှင့် ကလေးသူငယ် အားလုံးကို တည်ဆဲဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးနှင့် အကာအကွယ်တို့ တန်းတူညီမျှမှုရှိစေပြီး ခွဲခြားဆက်ဆံခြင်း မပြုစေ ရန်တို့ဖြစ်သည်။

 

အနာဂတ်၏အကောင်းဆုံးမျှော်လင့်ချက်

ကမ္ဘာကြီး၏ အနာဂတ်ကို အကောင်းဆုံး မျှော်လင့်ပါက ကလေးသူငယ်များနှင့် လူငယ်များကို အဓိကထားရန် လိုအပ်ပေသည်။ ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှသာလျှင် နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွန်စွာဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင် နေပေသည်။ ကလေးသူငယ်များသည် ဆင်းရဲမွဲတေမှု၊ အာဟာရချို့တဲ့မှု၊ ပညာရေးလက်လှမ်းမမီမှု၊ ကလေးလုပ်သား၊ အရွယ်မတိုင်မီ ထိမ်းမြားမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု စသည်ဖြင့် စိန်ခေါ်မှုများရှိနေသည်ဖြစ်ရာ ကလေးသူငယ်များအတွက် ပိုမိုကောင်းမွန်သည်များ ဖန်တီးလုပ်ဆောင်ပေးကြမှသာလျှင် အနာဂတ် ကလေးသူငယ်များ၏ အခွင့် အရေးနှင့် ကောင်းကျိုးချမ်းသာများ ရရှိခံစားနိုင်ကြ မည်ဖြစ်သည်။

 

ကလေးတစ်ယောက်ဆိုသည်မှာ ဥပဒေအရ အသက်အပိုင်းအခြား ကန့်သတ်ထားခြင်းမရှိလျှင် အသက် ၁၈ နှစ်အောက်ရှိ မည်သည့်လူသားမဆို ကလေးဖြစ်သည်။ ကလေးများသည် မသိနားမလည်ကြပါ။ ကလေးများသဘာဝသည် သူတို့လုပ်ချင်သည့်အရာကိုသာ စိတ်ဝင်စားကြပါသည်။ ကလေးများတွင် မိမိတို့ပတ်ဝန်းကျင်ရှိ ဆိုးရွားသော ဖြစ်ရပ်များအပေါ် တုံ့ပြန်မှုအမျိုးမျိုးရှိကြပါသည်။ ယဉ်ကျေးမှုများကလည်း စိတ်ခံစားမှုများကို ဖော်ပြသည့် နည်းလမ်းများအပေါ် လွှမ်းမိုးမှုရှိပါသည်။ သို့သော် ကလေးများသည် သူတို့အား နားလည်အောင်ပြောလျှင် နားထောင်ကြပြီး နားထောင်ချင်အောင်ပြောလျှင် နားထောင်ကြပါသည်။ ကလေးငယ်များသည် မြင်လွယ်တတ်လွယ်ပါသည်။ ကလေးသူငယ်များသည် အဖြူရောင် စက္ကူလေးများနှင့် အလားသဏ္ဌာန်တူသည်။ အဖြူရောင်စက္ကူအား အရောင်ဆိုးလိုက်လျှင် အရောင်ပြောင်းသွားသကဲ့သို့ ကလေးငယ်များသည်လည်း ပတ်ဝန်းကျင်၊ မြင်တွေ့နေကျအခင်းအကျင်းများကိုလိုက်၍ ပြောင်းလဲတတ်သော သဘာဝ ရှိသည်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆို သကဲ့သို့ပင်ဖြစ်သည်။ ကလေးငယ်များသည် အဖြူစင်ဆုံးသောသူများဟု လူတိုင်းက သတ်မှတ်ထားကြသလို ကလေးငယ်တို့အား မြေတောင် မြှောက်ပေးခြင်းသည် လူကြီးတို့၏ တာဝန်ပင် ဖြစ်သည်။ ထို့ပြင် ကလေးသူငယ်တို့ အတွက် ကောင်းမွန်သော အခြေအနေကောင်းနှင့် ပတ်ဝန်းကျင်ကောင်းကို ပြင်ဆင်ပေးရန် လိုအပ်ပါသည်။

 

ခြွင်းချက်မရှိ ချစ်ခြင်းမေတ္တာ၏ပံ့ပိုးမှု

ကလေးများကို ပြုစုပျိုးထောင်ခြင်းသည် ယဉ်ကျေးမှု၊ တန်ဖိုးထားမှုများနှင့် ကိုယ်ပိုင်ယုံကြည် ချက်များဖြင့် ပုံဖော်ထားသော အလုပ်ဖြစ်သည်။ ကလေးများကို လုံခြုံပြီးချစ်ရန် လိုအပ်ပါသည်။ ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာသည် စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ကိုယ့်ကိုယ်ကိုယ်တန်ဖိုးရှိပြီး လုံခြုံမှုကို ခိုင်မာစေပါသည်။ ကလေးများကို ၎င်းတို့၏ စိတ်ခံစားချက်များအား ခွဲခြားသိမြင်နားလည်ပြီး ထိန်းညှိတတ် အောင်သင်ပေးရပါမည်။ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးကို စံနမူနာပြုခြင်းသည် ၎င်းတို့အား စာနာမှု၊ ခံနိုင်ရည်ရှိမှုနှင့် လူမှုဆက်ဆံ ရေးစွမ်းရည်များ တိုးတက်စေရန် ကူညီပေးနိုင်သည်။ ကလေးများကို ရှင်းလင်းသော စည်းမျဉ်းစည်းကမ်းများနှင့် စည်းမျဉ်းများ သတ်မှတ်ခြင်းသည် ၎င်းတို့မျှော်လင့်ထားသည့်အရာနှင့် လုပ်ဆောင်ချက်များအတွက် အကျိုးဆက်များကို နားလည်ရန် ကူညီပေးပါသည်။ ကလေးငယ်များကို သူတို့ကိုယ်တိုင်စဉ်းစားခြင်း၊ ဆုံးဖြတ်ချက်ချရန်၊ သူတို့၏ လုပ်ရပ်များအတွက်တာဝန်ယူတတ်ရန် အားပေးရပါမည်။ ၎င်းသည် ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်နှင့် အသိဉာဏ်ကို တိုးတက်စေပါသည်။ ထို့ပြင် တခြားသူများအား လေးစားစွာ ဆက်ဆံတတ်ရန် သင်ပေးရပါမည်။ သိချင်စိတ်ပြင်းပြမှုနှင့် စူးစမ်း ရှာဖွေမှုကို အားပေးခြင်းဖြင့် သင်ယူမှုကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ရပါမည်။ ကလေးများသည် မေးခွန်းများမေးရန်၊ စိတ်ကူးသစ်များရှာဖွေရန်နှင့် ၎င်းတို့၏စိတ်ဝင်စားမှုများကို လိုက်စားရန် အားပေးရပါမည်။ အလုပ်ကြိုးစားမှု၊ တာဝန်ယူမှုနှင့် တာဝန် ခံမှုတို့ကို ကလေးများအားသင်ပေးရပါမည်။အသက် အရွယ်အလိုက် သင့်လျော်သော အိမ်မှုကိစ္စများပေးပြီး ၎င်းတို့၏ လုပ်အားများကို ချီးမွမ်း၍ အားပေးရပါ မည်။ ထို့ပြင် ကလေးများအား ကြင်နာမှုနှင့်စာနာ တတ်ရန် သင်ပေးပြီး ရပ်ရွာကိုအကျိုးပြုရန် အရေး ကြီးကြောင်း သင်ပေးရပါမည်။ ကလေးတစ်ဦးစီသည် ထူးခြားပြီး တစ်ဦးအတွက် လုပ်ဆောင်သည့် အရာသည် အခြားတစ်ဦးအတွက် အလုပ်မဖြစ်နိုင်ပါ။ ကလေးတစ်ယောက်၏ စိတ်နေစိတ်ထားနှင့် ဖွံ့ဖြိုးမှုအဆင့် လိုက်လျောညီထွေဖြစ်စေရန် မိဘအုပ်ထိန်းမှုပုံစံကို ချိန်ညှိခြင်းဖြင့် လိုက်လျောညီထွေရှိအောင် ဆောင်ရွက်ရပါမည်။

 

ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝ အကောင်အထည်ဖော်ပြီး မှန်ကန်သောပြုစုပျိုး ထောင်ခြင်းဖြင့် နိုင်ငံတော်၏အနာဂတ်ကို အလှ ဆင်ရန်လိုအပ်ပါသည်။ “ယနေ့လူငယ် နောင်ဝယ် လူကြီး”ဆိုသည့်အတိုင်း နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် နောင်တစ်ချိန်တွင် လူကြီးဖြစ်လာမည့် ကလေးများအပေါ်တွင် အများကြီး မူတည်နေပါသည်။ ထို့ကြောင့် ကလေးများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတိုးတက်ကောင်းမွန်ပြီး ပျော်ရွှင်စရာကောင်းသော ကမ္ဘာကြီးဖြစ်အောင် ဖန်တီးပေးရန်မှာ အလွန်အရေးကြီးပါကြောင်း တိုက်တွန်း‌ရေးသားလိုက်ရပါသည်။