နေပြည်တော် ၇ အောက်တိုဘာ
အနာကြီးရောဂါနာတာရှည်ဝေဒနာ ခံစားနေရသူများနှင့် နောက်ဆက်တွဲ မသန်စွမ်းမှုဆိုင်ရာ ပံ့ပိုးကူညီနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ယမန်နေ့ မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပဋိသန္ဓေတည်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ ဘဝစက်ဝန်း တစ်လျှောက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မျှ မကျန်ရှိ စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်သူများနှင့် ပိုမိုနီးစပ်လာသည်ဟု ခံစားရပါကြောင်း၊ နိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲတွင် လူတစ်ဦးချင်း၏အခွင့်အရေးကို ဖော်ဆောင်ရာတွင် ဒီမိုကရေစီစံနှုန်းကို မြှင့်တင်ရန်နှင့် တရားဥပဒေစိုးမိုးမှုရှိရန် အဓိကကျပါကြောင်း၊ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများကို ကာကွယ်စောင့်ရှောက်ရာတွင်ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးမှုရရှိရန် မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာ များချမှတ်ပြီး စနစ်တကျဖော်ဆောင်မှသာ အောင်မြင်မှုရမည်ဖြစ်ကြောင်း၊ အနာကြီးရောဂါခံစား ရသူများသည် ကိုယ်အင်္ဂါမသန်စွမ်းကြသော်လည်း စိတ်သန်စွမ်းသူများဖြစ်အောင် မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်က ကြိုးပမ်းကြရမည် ဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံခြင်းကင်းပြီး ကိုယ်ချင်းစာစိတ်ဖြင့် အသိပညာပေးခြင်း၊ ပံ့ပိုးကူညီခြင်း များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ အနာကြီးရောဂါ ခံစားနေရသူများအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောင်းလဲလာသော ဒီမိုကရေစီစနစ်ကြောင့် မိမိတို့ကို လူအများ၏နောက်ကွယ်တွင် နေထိုင်ကြရသောသူများဟု နောက်ချန်မထားခဲ့ဘဲ အသိအမှတ်ပြုခံရခြင်းအတွက် ကျေးဇူးတင်ဝမ်းသာမိပါကြောင်း၊ မိမိတို့အသင်းအဖွဲ့အနေဖြင့် မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြို့နယ်အဖွဲ့ခွဲများ ဖွဲ့စည်းခြင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်းနှင့် အနာကြီးရောဂါခံစားနေရသူများ၏ အရှက်၊ သိက္ခာများအတွက် မားမား မတ်မတ် ရပ်တည်ပေးနေခြင်းကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မိမိဘဝ၊ မိမိအသက်ကို ရှင်သန်အောင် ကြိုးစားနေထိုင်စဉ် ယခုကဲ့သို့ ထောက်ပံ့ခြင်းများကို ကြားရကြုံရခြင်းအတွက် ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာနိုင်ငံ နေရာ၊ ဒေသအနှံ့အပြားတွင် အနာကြီးရောဂါခံစားနေရသူများ ရှိသည်ကို သိရှိပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့မှုများဆောင်ရွက်ရာတွင် ကျန်ရှိနေသူများရှိနိုင်သည့်အတွက် ထပ်မံထောက်ပံ့နိုင်ရေး ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်းရပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ပေးခြင်းကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ The Leprosy Mission (မြန်မာ)၊ မြန်မာနိုင်ငံ အနာကြီးရောဂါ ခံစားနေရသူများအသင်း၊ အနာကြီးနှင့် မသန်စွမ်းမှုကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


