၁ ဧပြီ
ပထမဆုံး ‘မေ’ ကို တွေ့ဖူးတာက ဦးလေးရဲ့ စာအုပ်စင်မှာဖြစ်တယ်။ ဦးလေးအိမ်က ကျွန်တော်တို့အိမ်နှင့်ကပ်လျက်မှာရှိတယ်။ နေ့လယ်နေ့ခင်း ဦးလေးက သူအလုပ်လုပ်တဲ့ ခြေနင်းအလုပ်ရုံကို သွားချိန်မှာ ကျွန်တော်က ဦးလေးအိပ်ခန်းထဲက စာအုပ်စင်ကိုမွှေတယ်။ ဦးလေးရဲ့ စာအုပ်စင်မှာ မြဝတီမဂ္ဂဇင်းတွေရှိတယ်။ သွေးသောက်မဂ္ဂဇင်းတွေရှိတယ်။ ဒဂုန်ရွှေမျှားဝတ္ထုတွေရှိတယ်။ ရွှေစင်္ကြာတို့၊ ဓူဝံတို့ ဝတ္ထုတွေရှိတယ်။ အများအားဖြင့်ကျွန်တော်က မဂ္ဂဇင်းတွေပဲ လှန်လှောကြည့်တယ်။ သွေးသောက်ထက် မြဝတီကို ပိုပြီးသဘောကျတယ်။ မြဝတီမဂ္ဂဇင်းမှာပါရှိတဲ့ ဓာတ်ပုံကဏ္ဍကို စိတ်ဝင်စားတယ်။ ပြီးတော့ မြဝတီမဂ္ဂဇင်းထဲက ဝတ္ထုသရုပ်ဖော်ပုံတွေကို ကြိုက်တယ်။ ဦးလေးက မဂ္ဂဇင်းတွေကို အသစ်ဝယ်တာမဟုတ်...။ အဟောင်းတွေချည်းမို့ မကြာမီသူ့မဂ္ဂဇင်းတွေမှာ ဖတ်စရာကုန်သွားတယ်။ ဒါ့ကြောင့်ဝတ္ထုစာအုပ်တွေကို လှန်လှောကြည့်ရတာပေါ့။ ထုံးစံအတိုင်း ဒဂုန်ရွှေမျှားဝတ္ထုတွေက စာမျက်နှာစလှန်ကတည်းက လက်ကမချချင်တော့။ အံ့ဩစရာ၊ စိတ်ဝင်စားစရာ...၊ သည်းထိတ်ရင်ဖိုဖွယ်ရာ...။ ဒဂုန်ရွှေမျှား၏ ထူးဆန်းအံ့ဩဖွယ်ရာ ဝတ္ထုစာအုပ်များထဲမှ တစ်ရက်တွင် ‘မေ’ ကို တွေ့ရခြင်းဖြစ်တယ်။ အဖုံးမှာက ပန်းချီဦးလှစိုးရဲ့ မိန်းမချောလေး ပန်းချီရုပ်ပုံနဲ့...။
အကောင်းကိုရှာ၏။ အကောင်းကားမရှိတော့။
‘မေ’ ၏ ပိုင်ရှင်က ဒဂုန်တာရာတဲ့...။ ဒီကလောင်နာမည်က စာဖတ်စလူငယ်တစ်ယောက်အတွက် စိမ်းသလိုလိုဖြစ်နေတယ်။ ဒါပေမယ့် မဂ္ဂဇင်းတွေထဲမှာတော့ ဒီကလောင်နာမည်ကို တွေ့နေရသားပဲ..။ ဒီလိုနဲ့ ‘မေ ဟာ ပထမဦးဆုံးစာကြောင်းဖြစ်သော “လေနုအေးတယ် တနွဲ့နွဲ့နော့ဆဲကို...” ဖြင့် အသက်ရှူဖို့မေ့လောက်အောင် ဆွဲခေါ်သွားတော့တယ်။ ဝတ္ထုဆုံးလေတော့ သက်ပြင်းမချနိုင်ဘဲ မောဟိုက်ရင်ခုန်သွားရပြန်တယ်။ “အကောင်းကိုရှာ၏။ အကောင်းကားမရှိတော့...”တဲ့လေ...။
ကျွန်တော်ဟာ ‘မေ’ မှာပဲ မြန်မာစကားပြေရဲ့အနုအလှကြားမှ ခွန်အားဖြင့် ရစ်ပတ်နှောင်ဖွဲ့မှုကို ခံလိုက်ရတော့တယ်။ ဒီလိုနဲ့ လူပျိုပေါက်အရွယ် စာဖတ်စသူက ]မေ} နှင့် အကြိမ်ကြိမ် တွေ့ချင်နေတော့တယ်။ မငြီးငွေ့နိုင်...။
ပန်းနုရောင်နှစ်ကာလများကြောင့်
၁၉၇၀ ကျော်ကာလများမှာတော့ မုန့်ဖိုးထဲကစုပြီး လကုန်တာနှင့် မဂ္ဂဇင်းတစ်အုပ်၊ နှစ်အုပ်ဝယ်တဲ့ အလေ့အကျင့်ရလာတယ်။ မိုးဝေစာပေမဂ္ဂဇင်းနှင့် ရှုမဝရုပ်စုံမဂ္ဂဇင်း...။ မိုးဝေကို ပထမဆုံး စဝယ်ဖြစ်တာက မှတ်မှတ ရရ...။ နွေကျောင်းပိတ်ရက် အစ်မရှိရာ မုံရွာသို့သွားအလည် မုံရွာမြို့လယ် မြင်းမူလမ်းပေါ်က ‘အောင်’ စာပေမှာဖြစ်တယ်။ မိုးဝေကိုလှန်လှော စာမြည်းလိုက်တာနှင့် ချက်ချင်းဝယ်ဖို့ ဆုံးဖြတ်လိုက်တာက ဒဂုန်တာရာ၏ ‘ပန်းနုရောင် နှစ်ကာလများ’ ကြောင့် ဖြစ်တယ်။ ‘ပန်းနုရောင် နှစ်ကာလများ’ က ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ်နောက်ခံ ကျောင်းသားလှုပ်ရှားမှု ပုံရိပ်များဖြစ်တယ်။ ကျောင်းသားသမဂ္ဂ၊ သမဂ္ဂအဆောက်အအုံဆိုတဲ့ စကားလုံးစကားရပ်များ သုံးစွဲခွင့်မရှိချိန်မှာ သမဂ္ဂ၏ပုံရိပ်များကို ဗုဒ္ဓံသရဏံ ပန်းပွင့်နီနီများဖြင့် တင်စားပြသွားတယ်။ ‘ပန်းနုရောင်နှစ်ကာလများ’ က ဆောင်းပါးများပေမယ့် နိမိတ်ပုံနှင့် ရသဟန်အရေးအဖွဲ့များကြောင့် စွဲလမ်းခဲ့ရ၏။ ဒါ့ကြောင့် မိုးဝေမဂ္ဂဇင်းကို ‘ပန်းနုရောင်နှစ်ကာလများ’ဖြင့် လစဉ်ထုတ်ဝေဖြစ်တော့တယ်။ ထိုစဉ်က (၁၉၇၂-၁၉၇၃-၁၉၇၄-၁၉၇၅-၁၉၇၆)ကာလ...။ ရန်ကုန်၊ မန္တလေးတက္ကသိုလ်ကျောင်းသားများရဲ့ နှလုံးသားများထဲ၌ ပန်းနုရောင်နှစ်ကာလများထဲက “စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ...” စကားလုံးက စူးနစ်သွားခဲ့ပါပြီ။ ဒါပေမယ့် ‘ပန်းနုရောင် နှစ်ကာလများ’ က အဆုံးမသတ်ခဲ့...။
ဗညားသီဟ၏ စာပေစစ်တမ်း
“နေဝန်းနီကြီးသည် သူ၏နုပျိုသော၊ သစ်လွင်သော၊ ရဲရင့်သောအရောင်ဖြင့် ကျောင်းသားများ အပေါ်သို့ဖြာကျလျက်ရှိပေသည်” ဆိုတဲ့ အဓိပ္ပာယ်လေးနက်တဲ့ဝါကျနဲ့ ဖြတ်တောက်ထားခဲ့တယ်။ နောင်နှစ် ၂၀ ကျော်အကြာ ၂၀ဝ၈ ခုနှစ်ရောက်မှ ‘မိုးဂျာနယ်’ မှာ “ပန်းနုရောင်နှစ်ကာလများ” ကို ပြန်လည်သုံးသပ်ပြခဲ့ပါတယ်။ “ပန်းနုရောင် နှစ်ကာလများ” မှတစ်ဆင့် “ဒဂုန်တာရာ၏ ဒဂုန်တာရာ”၊ “စာပေသဘောတရား၊ စာပေဝေဖန်ရေးနှင့် စာပေလှုပ်ရှားမှု” စာအုပ်ထူကြီးက ကျွန်တော့်စာပေ လမ်းကြောင်းအတွက် ကျမ်းစာအုပ်တစ်အုပ်ဖြစ်ခဲ့တာ ဝန်ခံပါတယ်။
မိုးဝေမဂ္ဂဇင်းမှာပဲ “ပန်းနုရောင် နှစ်ကာလများ”နှင့်အတူ “ဗညားသီဟ၏ စာပေစစ်တမ်း” ကလည်း ဒီတစ်လ ဘယ်စာအုပ်ကိုပြောမလဲလို့ လည်ဆန့်မျှော်လင့်ရတဲ့ ဆောင်းပါးတွေဖြစ်ခဲ့တယ်။ အစက “ဗညားသီဟ}” ဆိုတာ ဘယ်သူမှန်းမသိ...။ နောက်တော့ “ဆရာ့စကား ငှားသုံးရလျှင်” “ရေခဲသည် အရည်ပျော်သွားတော့သည်” ဆိုသလိုပါပဲ။ ဗညားသီဟ...၊ ဗညားနွဲ့၊ မောင်စိမ်းမြ၊ မောင်ဂီတ၊ မောင်လင်းထက် အပါအဝင်အရေအတွက် ၅၀ နီးပါး ကလောင်တွေဟာ ဆရာ့ကလောင်ခွဲတွေလို့ သိလိုက်ရတယ်...။
အဘိဓမ္မာတစ်ရပ်နဲ့ သုံးသပ်ခြင်းမို့တကယ်တော့ “ဗညားသီဟ” ရဲ့ စာအုပ်တစ်အုပ်အပေါ် ဝေဖန်သုံးသပ်ချက်ပေတံဟာ လူထုသဘောဆောင်ပြီး အရှင်းလင်းဆုံးစံဖြစ်တယ်။ အတတ်ပညာကို သီအိုရီအမျိုးမျိုး၊ ဇယားချပ်အမျိုးမျိုး၊ အတက်အကျ ဂရပ်မျဉ်းတွေနဲ့ သက်သေပြချက်ထုတ်၊ သုံးသပ်တာမျိုးမဟုတ်ပါဘူး။ “အဘိဓမ္မာ” တစ်ရပ်နဲ့ လွယ်ကူရှင်းလင်းစွာ သုံးသပ်ခြင်းမို့ ပြတ်သားတယ်။ ရဲရင့်တယ်။ ဘယ်သူ့အတွက်လဲ၊ ဘယ်ဘက်က ရပ်တည်ရေးသားတာလဲ။ ဒါပဲဖြစ်တယ်။ ဒါ့ကြောင့် မိမိဖတ်ရှုရတဲ့ လုံးချင်းတစ်အုပ်ကို “ဗညားသီဟ” က ဘယ်လိုပြောမလဲဆိုတာ လစဉ် ရင်ခုန်မျှော်လင့်ရသလို၊ ကိုယ့်အယူအဆနဲ့ တူ၊ မတူ ထီပေါက်စဉ် တိုက်ရသလိုမို့ စိတ်လှုပ်ရှားရပါတယ်။ ကိုယ့်အယူအဆနဲ့ ထပ်တူကျလျှင်ဝမ်းမြောက်တယ်။ ကွဲလွဲလျှင်... မိမိသုံးသပ်ချက်၊ မိမိအယူအဆကို ပြန်လည်ဆင်ခြင်ပြီး တည့်မတ်တန်တည့်မတ်ရတယ်။ “ဗညားသီဟ” ရဲ့ စာအုပ်ဝေဖန်ချက်”စာပေစစ်တမ်း” များအနက် အဲဒီခေတ် အဲဒီအခါက ရဲရဲဝံ့ဝံ့ စူးစူးရှရှရှိခဲ့တဲ့ “မှန်နန်းဆောင်မှ ဒဂုံရိပ်သာသို့”ဟာ ပရိသတ်ကြား (အထူးသဖြင့် တက်ကြွထက်မြက်သော လူငယ်များအကြား) ပြောစမှတ်ဖြစ်ခဲ့ရတယ်။
၁၉၉၀ ကျော်ဝန်းကျင် တောင်သမန်မည်စည်ရိပ်
ဆရာဒဂုန်တာရာက အသစ်သမားဖြစ်တယ်။ မျိုးစေ့၊ ပျိုးခင်း၊ ကောက်ပင်သီးနှံ၏ ဆက်စပ်ဖြစ်ထွန်းမှုကိုလက်ခံတယ်။ ကျွန်တော်တို့က ဆရာ့ဆီက အတွေ့အကြုံကို သိလိုလို့ ဒူးတုပ်ထိုင်ကာ မေးမြန်းတယ်။ ဆရာက လက်ကာပြပြီး “ဒါတွေက ကျွန်တော့်စာအုပ်တွေထဲ ပါပြီးသားပဲ။ ဖတ်လို့ရတာပဲ။ အရေးကြီးတာက ကျွန်တော်မသိတဲ့ ခင်ဗျားတို့ခေတ်အကြောင်းတွေကိုသင်ယူချင်တာပါ” ဟု နှိမ့်နှိမ့်ချချပြောလေ့ရှိတယ်။
၁၉၉၀ ကျော်ဝန်းကျင် တောင်သမန်မည်စည်ရိပ်၊ တစ်ခုသောသင်္ကြန်တွင် ဆရာလာရောက် နားခိုစဉ်ကာလ...၊ မန္တလေးမှ အဆက်အစပ် အထိအတွေ့များသော အိမ်နီးချင်းတိုင်းပြည်ကြီးရဲ့ ‘ဆိုရှယ်လစ်တံခါးဖွင့်စီးပွားရေးဝါဒ’ အပြောင်းအလဲကြီးကို သိလိုစိတ်အာသီသ ပြင်းထန်ခဲ့တယ်။ ကျွန်တော်တို့သိတဲ့ လူငယ်ကုန်သည်များနှင့် ဆရာ့ကို တွေ့ပေးရတယ်။ ဒါ့အပြင်ဆရာက “သူတို့ စစ်တပ်ကရော စီးပွားရေးလုပ်သလားဗျ...” တဲ့။ ဒါလည်း အရေးတကြီးသိချင်နေပြန်တယ်။ ဆရာဟာ အသစ်တွေကို မျက်ခြည်မပြတ်သိလိုသော်လည်း ဂန္တဝင်ကို ရင်ခုန်နေသေးတယ်။
ထွန်းလှဟိုတယ်ပဲ ပို့ပေးပါ
၂၀ဝ၀ ခုနှစ်ဝန်းကျင် မန္တလေးကို မျက်စိကုဖို့ အောင်ပန်းကဆင်းလာတော့ လူထုတိုက်ထဲကဧည့်ခန်းမှာ ဒေါ်ဒေါ်လူထုဒေါ်အမာနှင့် စကားစမြည်ပြောအပြီး “ ကျွန်တော့်ကို ထွန်းလှဟိုတယ်ပဲ ပို့ပေးပါ။ အဲဒီမှာတည်းမယ်”တဲ့လေ...။ တကယ်တော့ အဲဒီအချိန်ကာလမှာ ထွန်းလှဟိုတယ်ဆိုတာ မရှိတော့။ မြမန္တလာဟိုတယ်ဖြစ်နေပါပြီ။ ဒါပေသိ ကျွန်တော်တို့က ဆရာရဲ့ငယ်လွမ်းဝေဒနာကို သဘောပေါက်တယ်။ ဒါ့ကြောင့် မြမန္တလာဟိုတယ်တစ်ဖြစ်လဲ ထွန်းလှဟိုတယ်သို့ ပို့ပေးရတယ်။ “လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ လောက်က မန္တလေးကို စာရေးဆရာအသင်းနဲ့လာကြတုန်းက ထွန်းလှဟိုတယ်မှာ တည်းခဲ့ရတာလေ...” တဲ့။ ဆရာက ဂန္တဝင်ကို လွမ်းဆွတ်နေတယ်။ ထွန်းလှဟိုတယ်ကိုအသွား ကျုံးနံဘေးအရောက်ကားပေါ်မှာ ဆရာက “နေဦး၊ အခုဖြတ်သွားတဲ့ အရပ်နာမည်ကဘာလဲဗျ” တဲ့။ ကျွန်တော်က “ဆရာ၊ ဟေမာ ဇလရပ်ကနေ စိတ္တရမဟီရပ်ကိုဖြတ်နေပြီဆရာ”ဆိုတော့ “ကျွန်တော်က ခင်ဗျားတို့ မန္တလေးရပ်ကွက်နာမည်တွေကို သိပ်သဘောကျတာဗျ” လို့ ပြောပါသေးတယ်။
စိန်ပန်းရွက် အစိမ်းတွေနဲ့ စိန်ပန်းပွင့်အနီဟိုတယ်ရောက်လို့ အခန်းမှာနေရာချပေးပြီး နားနေရင်း ပြတင်းပေါက်ကမြင်ရတဲ့ မြင်ကွင်းတွေကို မေးတော့ “ဆရာ့အခန်းက အရှေ့ဘက်လှမ်းကြည့်တော့ စိန်ပန်းပင်ကပွင့်နေတာ ရဲနေတာပဲ၊ စိန်ပန်းရွက် အစိမ်းတွေနဲ့စိန်ပန်းပွင့်အနီတွေ အားပြိုင်နေတယ်ဆရာ...” ဆိုတော့ “ဒါ... မန္တလေးလေဗျာ” တဲ့။ မန္တလေးမှာ လတ်တလောဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို ရည်ညွှန်းတယ်ဆိုတာ သဘောပေါက်တယ်။ ဆရာတည်းခိုနေတဲ့အခန်းက လှမ်းမြင်ရတဲ့ စိန်ပန်းပင်နှင့် မလှမ်းမကမ်း ပိတောက်ပင်ကလည်း အချိန်အခါမဟုတ်ဘဲ ပိတောက်တွေထိန်ထိန်ပွင့်ပြန်တယ်။
နောက်ရက် ဆရာ့ဆီရောက်တော့ ပိတောက်ပန်းရနံ့တွေအကြောင်း ပြောဖြစ်တယ်။ နတ်သျှင်နောင်အကြောင်းပြောတယ်။ လွန်ခဲ့တဲ့ ၁၉၅၀ ကျော်ကာလ မန္တလေးရောက်ခိုက် မြို့မငြိမ်းကို တွေ့ချင်သော်လည်း မတွေ့လိုက်ရတဲ့အကြောင်း ဆွေးဆွေးမြေ့မြေ့ ပြောပြန်တယ်။ “ကျွန်တော်က မြို့မငြိမ်းသီချင်းတွေကို ကြိုက်တယ်။ ဗိုလ်ထွန်းလှတို့ ဇနီးမောင်နှံက ကျွန်တော်သက်ဝေသီချင်းကို စန္ဒရားနဲ့တီးရင် ဝင်ဆိုကြတယ်ဗျ။ ဒီသီချင်းကို ကိုအောင်ဆန်းကလည်း သိပ်ကြိုက်တယ်။ သူ့အသံကြောင်ကြီးနဲ့ ဝင်ဝင်ဆိုရင် ပျက်တာပါပဲဗျာ။ အဲဒီမှာ ကျွန်တော်က စန္ဒရားအတီးရပ်ပြီး ရယ်ကြရတော့တာပဲ” ဟု ဆရာက ဝင်ပြောပြတယ်။
မြို့မငြိမ်းနှင့် တွေ့သွားပြီတဲ့
ဟော...လွန်ခဲ့သော ၂၀၁၃ ခုနှစ် ဩဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ကပဲ...၊ ဆရာဒဂုန်တာရာ တစ်ယောက်၊ သူ့တွေ့ချင်လျက်နဲ့ မတွေ့လိုက်ရသော မြို့မငြိမ်းနှင့်တွေ့သွားပြီတဲ့...။ ဒါတင်ဘယ်ကမလဲ...။သခင်ကိုယ်တော်မှိုင်း၊ ကိုဗဟိန်း၊ ကိုသန်းထွန်း၊ ကိုသန်းထွတ်ခေါ် တိုက်စိုး၊ ကိုကြီးနု၊ ဗိုလ်အုန်းမောင်၊ ကိုအုန်းမြင့်၊ ကိုထင်ကြီး၊ ဗိုလ်ဇေယျ၊ မမလေး၊ ကိုချစ်မောင်၊ မင်းသားကိုနေဝင်း၊ ကိုမြသန်း၊ ကိုလှ၊ မအမာ တို့နှင့်လည်း တစ်လက်စတည်း တွေ့ဦးမတဲ့...။ ထွက်သွားလိုက်တာ... ပျော်... တစ်သက်တဲ့လေ...။
အနှစ်တစ်ရာပြည့်
မြစ်ဝကျွန်းပေါ် ကျိုက်လတ်မြို့နယ် ထိုင်ကူမြစ်တန်းရွာမှာ (အဖ) ဦးဘအုန်း (အမိ) ဒေါ်စောဖွားရှင်တို့က ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့မှာ မွေးဖွားပြီး ငယ်အမည် မောင်ဌေးမြိုင်ခေါ်တွင်ခဲ့တဲ့ ကြည်ညိုလေးစားအပ်သော ဆရာကြီး ဒဂုန်တာရာဟာ ယခု ၂၀၁၉ ခုနှစ်မေလ ၁၀ ရက်နေ့မှာပဲ အနှစ် ၁၀ဝ ပြည့်ချေပြီ။ ဆရာကြီး ဒဂုန်တာရာ အဓွန့်ရှည်ပါစေ။ ။
ဆူးငှက်