၁၂ နိုဝင်ဘာ

 

ပေါ်တူဂီနဲ့ အန်ဒိုရာတို့ကစားခဲ့တဲ့ပွဲမှာ  အသင်းခေါင်းဆောင် စီရိုနယ်လ်ဒိုက သွင်းဂိုးတစ်ဂိုး  သွင်းယူနိုင်ခြင်းနဲ့အတူ   နိုင်ငံတကာသွင်းဂိုး ထာဝရအများဆုံး စံချိန်ရှင်  အီရန် တိုက်စစ်မှူး အလီဒယ်ဟီရဲ့ သွင်းဂိုး ၁၀၉ဂိုး စံချိန်အား လိုက်မီရန် ခုနစ်ဂိုးသာ လိုတော့သည်။

 

လာဇီယိုနဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ပွဲထွက်စာရင်းမှာ  စီရိုနယ်လ်ဒိုကို အသုံးမပြုခဲ့ဘဲ  ဒုတိယပိုင်းရောက်မှသာ  ဝင်ရောက်ကစားစေခဲ့သည်။ ပေါ်တူဂီမှာ လက်ရှိ ကမ္ဘာ့ အဆင့် ၇ နေရာနှင့် အန်ဒိုရာက ၁၃၄တွင် ရပ်တည်နေပြီး နှစ်သင်းကြား ခြေစွမ်း ကွာဟချက် ကြီးမားလွန်းတာကြောင့် ပွဲဟာ တစ်ဖက်သတ်ဖြစ်ခဲ့ကာ ပေါ်တူဂီအသင်းအနေဖြင့်  ခုနစ်ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်ထက်ပင်  ဂိုးပြတ်နိုင်မယ့် အခြေအနေ ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲတွင်  စီရိုနယ်လ်ဒိုမှာ  ကိုယ်တိုင်တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့သော်လည်း  သူသာ ယခုပွဲတွင် ဂိုးသွင်းသေသပ်မည်ဆိုပါက အန်ဒိုရာဘက်သို့  သွင်းဂိုးသုံးဂိုးလောက် သွင်းယူနိုင်မည့် အလားအလာရှိခဲ့သည်။

 

စီရိုနယ်လ်ဒိုမှာ လက်ရှိတွင် ပေါ်တူဂီအသင်းအတွက် နိုင်ငံတကာသွင်းဂိုး ၁၀၂ ဂိုး သွင်းယူ ပေးနိုင်ခဲ့ပြီဖြစ်ကာ ၂၀၂၂ခုနှစ် ကာတာတွင် ကျင်းပမည့် ကမ္ဘာ့ဖလားအပြီးမှသာ  နိုင်ငံတကာလက်ရွေးစင်အသင်းမှ အနားယူမည်ဟု ကြေညာထားသောကြောင့်   အလီဒယ်ဟီ၏ သွင်းဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ဖွယ်ရှိသည်။

 

မေလဲ့သင်း