၂၂ စက်တင်ဘာ
အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီတစ်ယောက် အမေရိကန်ပြည်ထောင်စုကို တစ်ပတ်ကြာသွားရောက်တဲ့ အခါမှာတော့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန်စည်းကြပ်မှုတွေ လျော့လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေကို လျှော့ချနိုင်ဖို့အတွက် ကြိုးပမ်းမှုတစ်ရပ်အနေနဲ့ အမေရိကန်သမ္မတထရမ့်နဲ့ အန္ဒိယဝန်ကြီးချုပ်မိုဒီတို့ဟာ ဟူစတန်မြို့မှာ တွေ့ဆုံကြမှာပါ။
ပြန်လည်ရုပ်သိမ်း
မကြာသေးမီ နှစ်များအတွင်း အမေရိကန်အာဏာပိုင်တွေက တင်ပြလာတဲ့ ပြဿနာရပ်တွေကို အဖြေရှာဖို့အတွက် လွန်ခဲ့တဲ့သီတင်းပတ်အတွင်းမှာ အန္ဒိယ အာဏာပိုင်တွေက အစည်းအဝေးတွေ ဆက်တိုက်ဆိုသလို ကျင်းပခဲ့ပါတယ်။ အခုနှစ်အစောပိုင်းမှာပဲ အမေရိကန်ဟာ အန္ဒိယနဲ့ပြုလုပ်နေတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ အမေရိကန် ကုန်ပစ္စည်းတွေအတွက် အန္ဒိယဈေးကွက် အပြည့်အဝ ဖွင့်မထားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်လည်ရုပ်သိမ်းခဲ့တာပါ။ ဆေးပညာနဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေမှာ ဈေးနှုန်းဖြေလျှော့ပေးဖို့ အမေရိကန်က တိုက်တွန်းခဲ့ပါတယ်။ ဆေးပစ္စည်းတွေ ထုတ်လုပ်တဲ့အမေရိကန် ကုမ္ပဏီတွေလည်း အဲဒီအပြောင်း အလဲကနေ အကျိုးအမြတ်တွေ ရရှိနိုင်ပါတယ်။
အမေရိကန်ရဲ့ လိုလားချက်
ဒါ့အပြင် အမေရိကန်ရဲ့ နောက်ထပ်လိုလားချက် တစ်ခုကတော့ အခြားသော အီလက်ထရွန်နစ်ပစ္စည်းတွေ၊ လက်ကိုင်ဖုန်းတွေ၊ ကားတွေမှာလည်း အခွန်စည်းကြပ်မှုကို အန္ဒိယဘက်က လျှော့ချပေးစေချင်တာပါပဲ။ ဒါ့အပြင် အန္ဒိယဈေးကွက်ထဲမှာ အမေရိကန် စိုက်ပျိုးရေးပစ္စည်းနဲ့ နို့ထွက်ပစ္စည်းတွေကို ပိုမိုဝင်ရောက် ခွင့်ပေးဖို့ပါပဲ။ “ကျွန်တော်တို့ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့တာလည်း ဖန်တစ်ရာတေ နေပါပြီ။ အန္ဒိယဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်းမှာ အပြုသဘောဆောင်တဲ့ ကြေညာချက်တွေ ထုတ်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ အန္ဒိယအဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောပါတယ်။ အန္ဒိယနဲ့ အမေရိကန်တို့ကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုအချို့ကို မကြာတော့တဲ့ အနာဂတ်ကာလမှာ ဖြေရှင်းနိုင်ပြီး ကုန်သွယ်ရေး သဘောတူညီချက် အတွက်လည်း အလားအလာကောင်း တွေရှိတယ်ဆိုပြီး အန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဗရာမန်ယန်ကျရှန်ကာ က သတင်းစာရှင်းလင်းပွဲမှာ အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။
ကုန်သွယ်ရေးတင်းမာမှု မြင့်တက်
၂၀၁၈ ခုနှစ်အတွင်းမှာ အန္ဒိယနဲ့ ကုန်သွယ်နေတဲ့ အမေရိကန်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကတော့ ခန့်မှန်းခြေအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၂ ဒသမ ၁ ဘီလီယံခန့်ရှိတယ်လို့ အမေရိကန် ကုန်သွယ်ရေးဌာနရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။ ပို့ကုန်ကတော့ အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၉ ဘီလီယံတန်ဖိုးရှိပြီး သွင်းကုန်တန်ဖိုးကတော့ ၈၃ ဒသမ ၂ ဘီလီယံတန်ဖိုး ရှိပါတယ်။ ကုန်သွယ်ရေး လိုငွေဟာ ၂၄ ဒသမ ၂ ဘီလီယံရှိပါတယ်။ အန္ဒိယနဲ့ အမေရိကန်တို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ကျယ်ပြန့်တဲ့ ဆက်ဆံရေးတွေရှိခဲ့ကြပြီး မကြာသေးခင် လတွေအတွင်းကမှ ကုန်သွယ်ရေးတင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။
နည်းလမ်းတွေ ရှာဖွေ
မော်တော်ကားကဲ့သို့သော ကုန်ပစ္စည်းတွေအပေါ်မှာ အန္ဒိယက အခွန်စည်းကြပ်မှု မြင့်မားမှုအပေါ် အမေရိကန်သမ္မတ ထရမ့်က ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဥပမာအားဖြင့် ဟာလီဒေးဗစ်ဆင် မော်တော်ဆိုင်ကယ်အပေါ် သွင်းကုန်အခွန် မြင့်မားနေမှုကို ထရမ့်က ထောက်ပြပြောဆိုခဲ့ပါတယ်။ အချို့သော မော်တော်ဆိုင်ကယ် အမျိုးအစားတွေအပေါ်မှာ သွင်းကုန်အခွန် ကောက်ယူမှုကို အန္ဒိယနိုင်ငံက လျှော့ချကောင်း လျှော့ချနိုင်ပါတယ်။ အဲ့ဒီလိုဆိုရင် ဟာလီဒေးဗစ်ဆင် ဆိုင်ကယ် အမျိုးအစားပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တယ်ဆိုပြီး အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။ စီးပွားရေး အကျိုးအမြတ်တွေ ပြန်လည်ရရှိဖို့ အတွက် အန္ဒိယနိုင်ငံဟာ နည်းလမ်းတွေ ရှာဖွေလျက်ရှိသလို အမေရိကန်ကို တင်ပို့မယ့် စတီးနဲ့ အလူမီနီယံပစ္စည်းတွေ အပေါ်မှာလည်း အခွန်စည်းကြပ်မှု မြင့်နေတာတွေကို လျှော့ချဖို့အတွက် နည်းလမ်းတွေ ရှာဖွေနေပါတယ်။
ရုန်းကန်လာရ
လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာတော့ အမေရိကန်နဲ့ အန္ဒိယအရာရှိတွေဟာ အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြပြီး ကုန်သွယ်ရေးအရ အနှောင့်အယှက် ဖြစ်နေတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ နှစ်ဖက်စလုံးက အရာရှိတွေဟာ စစ်ရေးနဲ့ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ခိုင်မာမှုရှိလာအောင် ကြိုးပမ်းခဲ့ကြပါ တယ်။ အန္ဒိယနိုင်ငံရဲ့ စီးပွားရေးဟာ မကြာသေးမီအချိန်အတွင်း ရုန်းကန်လာရပါတယ်။ ဒါကြောင့်လည်း အန္ဒိယဟာ သှူရဲ့ပို့ကုန်တွေကို အမေရိကန် ဈေးကွက်ကနေ အကျိုးအမြတ်တွေ ရအောင်ပြုလုပ်ဖို့ ဝန်ကြီးချုပ်မိုဒီက စိတ်အားထက်သန်နေတာပါ။
အခွန်ငွေဆုံးရှုံးနိုင်
စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ ပြည်တွင်းကုမ္ပဏီတွေအတွက် ကော်ပိုရိတ်အခွန်ကို ဖြတ်တောက်ပေးဖို့ အပါအဝင် အခြားသောလုပ်ငန်းစဉ်တွေကို ကြေညာခဲ့ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်မှုတွေကြောင့်လည်း တစ်နှစ်မှာ အခွန်ငွေ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၃၁ ဘီလီယံ ဆုံးရှုံးမှုရှိနိုင်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး နီမလာဆီသာ ရာမန်ကပြောပါတယ်။ ဝန်ကြီးချုပ်မိုဒီရဲ့ တက္ကဆက်ပြည်နယ် ခရီးစဉ်မှာတော့ အန္ဒိယ- အမေရိကန် ထောင်ပေါင်းများစွာနဲ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ တွေ့ဆုံဖို့ရှိပြီး အဲဒီပွဲမှာ သမ္မတထရမ့်လည်း ပါဝင်မှာပါ။ ဒီလိုမျိုးလူထုနဲ့တွေ့ဆုံပွဲမှာ အမေရိကန်သမ္မတထရမ့်နဲ့ အန္ဒိယဝန်ကြီးချုပ် မိုဒီတို့ အတူတကွ တက်ရောက်မိန့်ခွန်း ပြောမှာကိုတော့ လျှော့တွက်လို့မရပါဘူး။ ဒါကိုကြည့်ရင် အန္ဒိယနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ် အတွင်းမှာ ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတာကို ထင်သာမြင်သာ ရှိလာပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက်
ယနေ့ခေတ်အခါမှာ အန္ဒိယဟာ အမေရိကန်အတွက် ဘယ်လောက်ထိ အရေးပါလာသလဲဆိုတာကို ပြသလိုက်သလိုပါပဲ။ အန္ဒိယနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာ တိုးမြင့်လာတာကတော့ အမှန်ပါပဲ။ ကုန်သွယ်ရေးပြဿနာအပြင် ဂျမူးနဲ့ကက်ရှ်မီးယားဒေသတို့မှာ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတာကို ပြန်လည်ရုပ်သိမ်းခဲ့တဲ့ ကိစ္စတွေဖြစ်ခဲ့ပေမယ့် အန္ဒိယနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကို ထိခိုက်မသွားစေခဲ့ပါဘူး။ ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတွေဟာလည်း မကြာခင်မှာပဲ ဖြေရှင်းလို့ရသွားမှာပါလို့ ဒေလီအခြေစိုက် သုတေသန ဖောင်ဒေးရှင်းတစ်ခု ညွှန်ကြားရေးမှူး ဟာ့ရှ်ပန့်က ပြောပါတယ်။
အခွင့်လမ်းကောင်းတစ်ခု
အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံ ဟူစတန်မြို့ရဲ့ လေးခုမြောက် အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ စွမ်းအင်ကဏ္ဍမှာ လိုအပ်ချက်တွေ များလာတဲ့အတွက် အမေရိကန်က ရေနံနဲ့ ဓာတ်ငွေ့တွေ ပိုမိုရောင်းချနိုင်ဖို့ မျှော်လင့်ရမှာပါ။ အန္ဒိယအတွက်လည်း အမေရိကန်နဲ့ ပြဿနာဖြစ်နေတဲ့ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချနိုင်မယ့် အခွင့်လမ်းကောင်းတစ်ခုပါပဲ။ ဒါကြောင့် မကြာခင်အချိန်အတွင်းမှာ အမေရိကန်နဲ့ အန္ဒိယတို့ကြား ကုန်သွယ်ရေးဆိုင်ရာ အလားအလာကောင်းတွေ ဖြစ်လာတော့မှာလားဆိုပြီး မျှော်လင့်ကြတာပါပဲ။
ဒါ့အပြင် မကြာခင်အချိန်အတွင်းမှာပဲ ကုလသမဂ္ဂအထွေထွေ ညီလာခံ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် အဲဒီပွဲမှာလည်း အစီအစဉ်အတော်များများမှာ ဝန်ကြီးချုပ်မိုဒီ တက်ရောက်သွားဖို့ ရှိပါတယ်။ ။
ခြူးစန္ဒီနွေး
ကိုးကား - ဝေါစထရိဂျာနယ်