အနောဓိသမေတ္တာ ဩဓိသမေတ္တာနှင့် မေတ္တာပွားကြ ဝါခေါင်လ

ဒေါက်တာ မောင်ဖြေ

 

“ဝါဆိုဝါခေါင် ရေဖောင်ဖောင်”ဟူသော ဆိုရိုးစကားနှင့်အညီ ဤနှစ်လအတွင်း မိုးဖြိုင်ဖြိုင်ရွာ၍ တောင်သူဦးကြီးတို့ အလုပ်များသော အချိန်အခါဖြစ်သည်။ အထူးသဖြင့် ဝါခေါင်လသည် မိုးရာသီ၏အလယ် မိုးလယ်လဖြစ်၍ ထိုလတွင် ထွန်တုံးထွန်တံတို့ကိုကိုင်ကာ တောင်သူဦးကြီးတို့ အင်တိုက်အားတိုက် လယ်ယာစိုက်ပျိုးကြတော့မည်။

ဝါခေါင်လတွင် စာရေးတံလှူပွဲ ကျင်းပကြသည်။ ဤသည်ကိုရည်ရွယ်၍ “ရတုဝါခေါင် တိမ်တောင်ပတ်ယှက်သည့် ရက်အခါ မြတ်စွာထွတ်ထား၊ ရွှေစကားတွင်၊ ပွဲများခြိမ့်စံ၊ စာရေးတံဟု စီမံခင်းကျင်း” ဟူ၍ စာဆိုတော်ဦးယာက လူးတားစပ်ဆိုထား၏။

ဝါခေါင်လအဓိပ္ပာယ်
ဝါခေါင်လကို ကျောက်စာများတွင် “နံကာလ”ဟု ထိုးကြသည်။ နံကာလ၏အဓိပ္ပာယ်မှာ “လယ်လုပ်ချိန်လ” ဟူ၍ဖြစ်၏။ အချို့ က ဝါတွင်းသုံးလ၏ အလယ်ကောင်တွင် ပါဝင်နေသဖြင့် “ဝါလယ်လ” ဟု ခေါ်ကြ၏။ ဝါခေါင်ဆိုသော ဝေါဟာရတွင် “ဝါ” သည် ရဟန်းတော်များ ဝါဆိုဝါကပ်ခြင်းဖြစ်၍ “ခေါင်” သည် အလယ်ဗဟိုဖြစ်၏။ ထို့အတွက်ကြောင့် ဝါခေါင်လသည် ဝါတွင်းသုံးလ၏ အလယ်ဗဟိုကို ဆိုလိုခြင်းဖြစ်၏။

ရာသီအလို “သိဟ်” ရာသီခေါ်၏။ သရဝဏ်ခေါ် ဓနသိဒ္ဓိနက္ခတ်နှင့် ယှဉ်၏။ ဗျိုင်းတာရာထွန်းပ၏။ ရာသီရုပ်ပုံမှာ ခြင်္သေ့ရုပ်ပုံ ဖြစ်၏။ ဤလတွင် ရက်ပေါင်း ၃၀ ရှိ၏။ နာရီအားဖြင့် နေ့ ၃၄ နာရီဖြစ်၏။ ညမှာ ၂၆ နာရီရှိ၏။ နေ့တာရှည်၍ ညတာတိုသောလ ဖြစ်၏။

ဝါခေါင်လတွင် ထန်းသီးြွေကချိန်နှင့် ရေကြီးချိန်လည်း တိုက်ဆိုင်နေ၏။ “စစ်စလီငယ်၊ ပြာပီရေကြက်၊ မောက်တင်ငှက်တို့၊ လယ်ကွက်တစ်ခို၊ ရိုးကျလျှိုက၊ လူလိုပဲကြင်...” ဟူ၍ စာဆိုဦးကြီးက စစ်စလီငှက်တို့ သဘာဝကို ဖော်ကျူးထား၏။ စစ်စလီငှက်တို့သည် သစ်ပင်များပေါ်ရှိ ကျီးကန်းသိုက်ဟောင်းများကို မိမိတို့အသိုက်အဖြစ် အသုံးပြု၍ ဥကြ၏။ သားပေါက်ကြ၏။ ပျံသန်းရင်းမှ စူးရှသောအသံဖြင့် လေချွန်တတ်သော ငှက်များပင်ဖြစ်၏။ စစ်စလီငှက်သည် မိုးတွင်းပျော် ငှက်ကလေးပင်ဖြစ်၏။

ဝါခေါင်လတွင် ကမ်းရေပြည့်မျှလျှံတက်၍ မိုးလေဒဏ်ကြောင့် ငါးဖမ်းမှုလည်းနည်းပါးကာ ငါးရှားပါးလှ၏။ သဘာဝ ဝန်းကျင်တွင် သဘာဝအတိုင်း သားပေါက်မှုကို အားထားမှုမပြုတော့ဘဲ ဆေးထိုးသားဖောက်ခြင်းဖြင့် ငါးပေါများရန် ဆောင်ရွက်လျက်ရှိ၏။ ငါးရှားသော ဝါခေါင်လတွင် အဆီဝင်းသော ရွှေဝါငါးကြင်းများကို စားသုံးနိုင်ကြ၏။

ဂမုန်းခတ္တာ
အထက်အညာဒေသတွင် ဝါခေါင်လ၌ မိုးခေါင်မည်ဖြစ်၏။ တစ်နိုင်ငံလုံးအနေဖြင့် ခြုံကြည့်လျှင် ဤလအခါသမယသည် မြန်မာနိုင်ငံ အောက်ပိုင်းတွင် လွန်စွာမိုးသည်းသော ကာလဖြစ်၏။ မိုးလှိုင်လှိုင်ရွာနေပြီဖြစ်သော ဤလရာသီတွင် မိုးရေအဖျန်းမှာ ပွင့်လာကြသော ရာသီပန်းကား ခတ္တာပန်းဖြစ်၏။ ခတ္တာပန်းသည် ဂမုန်းမျိုးတွင် ပါဝင်သောကြောင့် ယင်းကို ဂမုန်းခတ္တာဟုလည်း ခေါ်၏။ လက်ဝါးခန့်ရှည်ဝန်းသော အရွက်ရှိ၍ အရွက်အနား လက်တစ်လုံးခန့်နီသည်။ ဆွေးမြည့်သော မြေနှင့် ကျောက်မြေတို့တွင်ပေါက်၍ ခတ္တာဥမှာကြက်ဥ အရွယ်ခန့်ရှိ၏။ အကြောင်၊ အနီ၊ အနက်၊ အဖြူ၊ အရွှေဟူ၍ အရောင်ကိုလိုက်၍ အမျိုးမျိုး ခေါ်ဆိုကြ၏။ ကိုယ်ရံကြီးနှင့်လည်းကောင်း၊ လေးကျွန်းကြာခိုင်နှင့် လည်းကောင်း တူသည်ဟု ဆိုသည်။

ဝါမဆို ဝါမကပ်သောလ
ဝါခေါင်လ၏အဓိပ္ပာယ်ကို ဝေါဟာရလီနတ္ထဒီပနီ၌ “ထိုလကိုပင် ဝါခေါင်လခေါ်ဝေါ်သည်မှာ မိုးခေါင်သည်ဟူသော ဝေါဟာ ရကဲ့သို့ ရဟန်းသံဃာတော်တို့ ဝါမဆိုမကပ်၊ (ဝါခေါင်)ဝါဝေးသောလ ယူရန်ရှိ၏” ဟု ဖွင့်ဆိုထားပါ၏။ ဤ၌ ကျမ်းပြုဆရာ လှေသင်းအတွင်းဝန်မင်း ဆိုသည်မှာ ဝါခေါင်လတွင်ခေါင်သည် ဝေးကျူးသီခေါင်၊ ကုန်းခေါင်၊ မိုးခေါင်၊ ယခေါင်တို့ကဲ့သို့ ဝေးကွာ ခြင်းအဓိပ္ပာယ်ရှိ၏။ သို့ဖြစ်၍ ဝါခေါင်ကား ဝါဝေးသည်ဟု ဆိုလို၏။ ဝါဝေးခြင်းဆိုသည်မှာ ရဟန်းတော်များ ဝါမဆိုရ၊ ဝါမကပ်ရသောလဟု ဆိုလိုခြင်းဖြစ်သည်။

နံကာလဟူသောဝေါဟာရသည် လယ်လုပ်ထွန်ယက်စိုက်ပျိုးချိန်ဟု ဆရာကြီးဦးဖိုးလတ်က ဆိုပါသည်။ ပုဂံခေတ်တွင် ဝါခေါင်လကို နံကာလဟု ခေါ်ဆိုရေးသားသည်။ ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ နံကာ၏အဓိပ္ပာယ်ကို ဖွင့်ဆိုထားသည်မှာ ပါဠိဘာသာအားဖြင့်နိက္ခမနီယဟု ခေါ်၏။ နိက္ခမနီယဆိုသည်မှာ နေမင်းသည် အတွင်းခရီးမှ အပြင်ခရီးသို့ ထွက်သွားသောလဟု အဓိပ္ပာယ်ရ၏။ ယင်းနိက္ခမနီယသဒ္ဒါ ရွေ့လျော၍ မြန်မာဘာသာ နံကာဝေါဟာရ ဖြစ်သည်ဟု နံကာပုဒ်၏ ရင်းမြစ်နှင့် အဓိပ္ပာယ်ကို ပြဆိုထားသည်ကို လေ့လာရ၏။

တောင်ပြုံးပွဲ
ဤလတွင် စိုက်ပျိုးချိန်ဖြစ်၍ လုပ်ငန်းခွင်၌ မအားမလပ်ရှိကြ၏။ သို့ရာတွင် အထူးတလည် စည်ကားစွာ ကျင်းပမြဲဖြစ်သော တောင်ပြုံးညီနောင်နတ်ပွဲနှင့်ရတနာ့ဂူနတ်ပွဲများကျင်းပသောလ ဖြစ်သည်။ တောင်ပြုံးပွဲတော်သည် ယနေ့ခေတ်တိုင်အောင် မန္တလေး တောင်ပြုံးအရပ်၌ အလွန်စည်ကားစွာ ကျင်းပမြဲဖြစ်သော ပွဲတော်ဖြစ်၏။ ယင်းပွဲတော်သည် ဝါခေါင်လ၏ စာရေးတံ ပွဲကဲ့သို့ တစ်မျိုးသားလုံး တစ်နိုင်ငံလုံးနှင့်ဆိုင်သော ပွဲတော်မဟုတ်ပေ။ ဒေသတစ်ခု၌သာ ကျင်းပသော ပွဲတော်ဖြစ်ပေသည်။

စာရေးတံပွဲ
ဝါခေါင်လ စာရေးတံပွဲနှင့်ပတ်သက်၍ “သက္ကရာဇ် ၆၃၀”  ပြည့်နှစ် ထိုးကျောက်စာတစ်ချပ်တွင် စောလှဝန်း ဘုရားကျောက်စာ သည် တစ်ချပ်အပါအဝင် ဖြစ်ပေသည်။ ၆၃၀-၆၅၂-၆၅၃ နှစ်စွဲရှိသော ထိုကျောက်စာတို့၏ ကျောဘက်မျက်နှာစာတွင် “စာရေး” ဟူသော စကားအပိုင်းအစကို တွေ့ရသည်။ “ညောင်ရေသွန်း၊ သင်ကြန်၊ စာရိယ်မပြတ် စိတ်လျှင်တည်” ရေးထိုးထားကြောင်း သိရသည်။ အဓိပ္ပာယ်မှာ မီးပုံပွဲတော်၊ သင်္ကြန်ပွဲတော်၊ ညောင်ရေသွန်းပွဲတော်၊ စာရေးတံပွဲတော်ဟူ၍ ဖြစ်လိမ့်မည်ဟု ယူဆရ၏။

စာရေးတံဟူသော မြန်မာစကားလုံးသည် “စာရေးသားသော အချောင်းအတံ” ဟူ၍ အဓိပ္ပာယ်ကို ဆောင်နေကြောင်း သိသာလှ၏။ စာရေးတံမဲ၊ စာရေးတံဆွမ်း၊ စာရေးတံအလှူဟူသော ဝေါဟာရသည် ဝါခေါင်လနှင့် ခွဲခြားမရသော ဂုဏ်ဝိသေသများ ဖြစ်ပေ၏။

မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူသော ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်တွင် ဒကာများသည် တစ်ကျောင်း တိုက်လုံးရှိ ရဟန်း၊ သံဃာတော်မြတ်များကို ဆွမ်းလှူဒါန်းရန် အခက်အခဲရှိ၏။

သံဃာတော်များထဲမှ တစ်ပါးနှစ်ပါးသာ ရွေးကောက်၍ လှူဒါန်းလို၏။ စာရေးတံမဲချပြီး မိမိတို့စွမ်းနိုင်သမျှ လှူဒါန်းလိုကြ၏။ တချို့က ဥပုသ်နေ့တွင် ဥပုသ်သီလဆောက်တည်ကာ မိမိတို့စားသောက်ရန် ဆွမ်းများကို သံဃာတော်အချို့အား တတ်အား သရွေ့ ဆက်ကပ်လိုကြ၏။ တချို့က ဥပုသ်နေ့တွင် သံဃာတော်များ ဆွမ်းပေါများကြ၍ ဥပုသ်နေ့အပြီး နောက်တစ်နေ့တွင် ဆွမ်းရှားပါးမည် ဖြစ်သဖြင့် ဥပုသ်ပြီးသည့်ရက်တွင် ဆွမ်းလှူဒါန်းလိုသူရှိ၏။ ထိုအကြောင်းကို မြတ်စွာဘုရားရှင်အား လျှောက်ထားရာတွင် မြတ်စွာဘုရားက သံဃာတော်အားလုံး ဆွမ်းလှူဒါန်းခြင်း၊ တစ်ပါးနှစ်ပါး စသော ရည်ညွှန်း၍ လှူဒါန်းခြင်း၊ ပင့်ဖိတ်၍ လှူဒါန်းခြင်း၊ စာရေးတံမဲချ၍ လှူဒါန်းခြင်း၊ လဆန်းပက္ခ လဆုတ်ပက္ခ၌ လှူဒါန်းခြင်း၊ ဥပုသ်နေ့၌ လှူဒါန်းခြင်း၊ ဥပုသ်ကျော်တစ်ရက်နေ့၌ လှူဒါန်းခြင်း စသည်တို့ကို လှူဒါန်းနိုင်ကြောင်း ခွင့်ပြုတော်မူလိုက်သည်။ ထိုသို့ ဘုရားရှင် ခွင့်ပြုတော်မူချိန်မှစပြီး စာရေးတံမဲဖြင့် လှူဒါန်းရသော ဆွမ်းအလှူ သလာကဘတ် (သလာက-စာရေးတံမဲ၊ သက္က=ဘတ်=ဆွမ်း)သည် ဖြစ်ပေါ်လာခဲ့၏။

ရှေးက စာရေးတံအလှူတော်
ဘကြီးတော်မင်းတရားလက်ထက် စာရေးတံပွဲ ကျင်းပပြုလုပ်ပုံကို ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးတွင် “ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့ ဂါမဝါ သီပုဂ္ဂိုလ်၊ အရညဝါသီပုဂ္ဂိုလ်၊ အရိယာသံဃာတော် အပေါင်းတို့အား ပရိက္ခရာ ရှစ်ပါးနှင့်တကွ ရဟန်းတို့အသုံး အဆောင်နှင့် စပ်သည်ကို အစုံအစေ့ဆွဲ၍ ပဒေသာပင်ရေ ၂၆၀ ကို အတွင်းတော်၌ သွင်းပြီးလျှင် ဘုရင်၊ မိဖုရားခေါင်ကြီးနှင့်အတူ ရေစက်သွန်းတော်မူ၍ သလာကဘတ် စာရေးတံဆွမ်း လှူတော်မူသည်” ဟူ၍ ရေးသားထား၏။

စာရေးတံဆွမ်းအလှူကို ဘုရားရှင်လက်ထက်က မည်သည့်လရာသီတွင် လှူဒါန်းရမည်ဟု သတ်မှတ်ချက်မတွေ့ရ။ သို့သော် ဘုရားအမှူးရှိသည့် ရှေးမြန်မာတို့သည် ဝါခေါင်လတွင် သံဃာတော်များ တစုတရုံးတည်း သီတင်းသုံးတော်မူခြင်းဖြစ်၍ ဆွမ်းကိစ္စ အခက်အခဲ ဖြစ်တတ်သည်။ စာရေးတံမဲပွဲအလှူကို ဝါခေါင်လတွင် ကျင်းပခဲ့ဟန်တူ၏။

မေတ္တသုတ်တော်ဟောကြား
ဝါခေါင်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် မေတ္တသုတ် ဟောကြားတော်မူသည်။ မေတ္တသုတ်တော်ဖြင့် မေတ္တာပို့သ ကြရာတွင် အနောဓိသမေတ္တာ၊ ဩဓိသမေတ္တာ စသောပွားနည်းများဖြင့် မေတ္တာပို့သကြရမည်။

အနောဓိသမေတ္တာသည် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တဝါ၊ မည်သည့်နေရာအရပ်ဟု မပိ်ုင်းခြားမကန့်သတ်၊ မည်သူမည်ဝါ မည်သည့်နေရာဟု အထူးမရည်ရွယ်ဘဲ အတိုင်းအရှည် အကန့်အသတ်မရှိသော မေတ္တာဖြင့် တစ်လောကလုံးရှိ သတ္တဝါ အားလုံးကို အာရုံပြု၍ ပို့သခြင်းသည် အနောဓိသမေတ္တာဖြစ်၏။

ဩဓိသမေတ္တာသည် ပုဂ္ဂိုလ်သတ္တဝါ တစ်ဦးတည်းဖြစ်စေ၊ ပုဂ္ဂိုလ်သတ္တဝါ တစ်စုကိုဖြစ်စေ၊ တစ်ခန်း၊ တစ်တိုက်၊ တစ်အိမ်၊ တစ်ရပ်ကွက်၊ တစ်ရွာ၊ တစ်မြို့ စသည်ဖြင့် ပိုင်းခြားကန့်သတ်၍ အထူးရည်ညွှန်းသော အတိုင်းအရှည် အကန့်အသတ်ရှိသော မေတ္တာကို ပို့သခြင်းသည် ဩဓိသမေတ္တာဖြစ်၏။

မေတ္တသုတ်တော်လာအဆုံးအမ
မေတ္တာပို့ရာတွင် “ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟု နှုတ်ဖြင့်ရွတ်ဆို၍ မေတ္တာပို့ကြသည်။ ပျံ့လွင့်နေသောစိတ်ဖြင့် မေတ္တာ ပို့နေခြင်းတို့သည် မေတ္တာပို့ရာမှာ မေတ္တာပွားရာ၌ ထိရောက်မှုနည်း၏။ သတ္တဝါများအပေါ်၌ အမှန်တကယ်ချမ်းသာစေလိုလျှင် မေတ္တာစိတ်ဖြင့် အလေးအနက်ထားပြီး မေတ္တာပို့က မေတ္တာပွားများရာ ရောက်ပါ၏။ မေတ္တာပွားများရာတွင် ပါဝင်သော ဆင်ခြင်ဖွယ်ရာမှာ ပါဠိလိုအားဖြင့်
န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ နကိဉ္စိဗျာရောသနာ ပဋိဃသည၊ နာညမညဿဒုက္ခမ္ဆေိယျဖြစ်၏။

- တစ်ယောက်နှင့် တစ်ယောက် အမျက်ဒေါသ ကင်းကြပါစေ။
- တစ်ယောက်နှင့် တစ်ယောက် အထင်အမြင်သေး မှုကင်းဝေးကြပါစေ။
- တစ်ယောက်နှင့် တစ်ယောက် ဒေါသဖြင့် ချုပ်ချယ်မှုကင်းကြပါစေ။
- တစ်ယောက်နှင့် တစ်ယောက် (အချင်းချင်း) ဆင်းရဲဒုက္ခ ရောက်ခြင်းကို အလိုမရှိကြပါစေလင့်

ဟူသော မေတ္တသုတ်တော်လာအဆုံးအမဖြင့် မေတ္တာပွား၊ မေတ္တာပို့ကြရမည်။ “မာထာယထာနိယံပုတ္တ မာယုသာ ဧကပုတ္တမနုရက္ခေ” တစ်ဦးတည်းသောသားအပေါ် ထားအပ်သောမိခင်၏ မေတ္တာစိတ်မျိုးဖြင့် ထားရှိပို့သရမည်။ မိခင်၏ တစ်ဦးတည်းသော သားအပေါ်ထားရှိသော မေတ္တာစိတ်သည် ကြည်လင်ချမ်းမြေ့ဆုံး၊ အစွဲမြဲဆုံး၊ အခိုင်မာဆုံးသော မေတ္တာများဖြစ်ပေ၏။ သို့ပါ၍ တစ်ဦးတည်းသောသားအား မိမိအသက်ကိုပင် မငဲ့ကွက်ဘဲ စောင့်ရှောက်တတ်သည့် မေတ္တာမျိုးဖြင့် မေတ္တာထား ကြရပေမည်။     ။