နေပြည်တော် ၂၀ နိုဝင်ဘာ

အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ - NPSC ၏ ဒုတိယအကြိမ် အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးရုံးမှဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးလှကျော်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က စီမံကိန်းနှင့်စပ်လျဉ်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုအဆင့် နည်းပညာအကြံပေးအဖွဲ့ဝင်များ၊ စီမံကိန်းဒေသများဖြစ်သည့် ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြဆွေးနွေးကြသည်။

အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (International Fund for Agricultural Development-IFAD) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများမှ တစ်ခုအပါအဝင်ဖြစ်ပြီး IFAD ချေးငွေ၊ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၂၀ ဒသမ ၂၅၇)သန်းဖြင့် ချင်းပြည်နယ် တောင်ပိုင်းနှင့် မကွေးတိုင်းဒေသကြီး မြောက်ပိုင်းတို့တွင် မိသားစုဝင်ငွေတိုးပွားစေရန်၊ စားနပ်ရိက္ခာ ဖူလုံစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန်၊ အာဟာရပြည့်ဝစေရန်နှင့် ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်နိုင်စွမ်း အားကောင်းမွန်လာ​စေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ စီမံကိန်းကာလ ()နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

စီမံကိန်းလုပ်ငန်းများအဖြစ် ဆည်မြောင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ လယ်ယာမြေ ဖော်ထုတ်ခြင်း လုပ်ငန်းများ၊ ကုန်ထုတ်လမ်း၊ ရေပေးရေးနှင့် မီးလင်းရေး စသည့် ထုတ်လုပ်မှုလုပ်ငန်းများအပြင် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ နည်းပညာ ပြန့်ပွားရေးစင်တာများ ထူထောင်ခြင်းနှင့် နည်းပညာပံ့ပိုးခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ တောင်ကုန်း တောင်စောင်းစိုက်ပျိုးခြင်း နည်းပညာ ဖြန့်ဖြူးပေးခြင်းလုပ်ငန်းများ၊ ခေတ်မီမွေးမြူရေးဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို စပ်ဆက်ဌာနများဖြစ်ကြသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

စီမံကိန်းစတင်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ စိုက်ပျိုးမြေ (၂၆၂)ဧက ဖော်ထုတ်ပေးခြင်း၊ စိုက်ပျိုး မွေးမြူရေးနှင့် အိမ်တွင်းသက်မွေးပညာဆိုင်ရာ သင်တန်းသား/သူပေါင်း (၅၅၇) ဦးကို နည်းပညာသင်တန်းများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းများ အပါအဝင် ကျေးလက်အိမ်ထောင်စုပေါင်း (၄၅၀၈)စုကို အကျိုးပြုစေခဲ့ပြီး စီမံကိန်းမှ နိုင်ငံတော်၏ စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူပြုရန် ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာရသည့် ကျေးလက်‌နေပြည်သူများအတွက် ဆောင်ရွက်ခဲ့သည့် Cash for Work လုပ်ငန်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် လုပ်သားအင်အား (၄၇၂၂၅)ဦးနှင့် အိမ်ထောင်စုပေါင်း (၃၁၄၈) စုကို ဝင်ငွေရရှိစေနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်