နေပြည်တော်  ၆  ဇန်နဝါရီ 

အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ (International Fund for Agricultural Development-IFAD) ချေးငွေ၊ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ (၂၀ ဒသမ ၂၅၇)သန်းဖြင့် (၆)နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက် မည့် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ-NPSC အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စီမံကိန်းဦးဆောင်ကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီး ဦးလှကျော်က စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် Integrated ပုံစံဖြင့်ပုံဖော်ဆောင်ရွက်ရမည်ဖြစ်ရာ ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုသည် အရေးကြီးကြောင်း၊ ကျေးလက်ဒေသများ တစ်ပြိုင်တည်းဖွံ့ဖြိုးလာရေးအတွက် နိုင်ငံတော်၏ ဖွံ့ဖြိုးရေးရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရှိသကဲ့သို့ ဖွံ့ဖြိုးမှု မိတ်ဘက်အဖွဲ့အစည်းများ၏ အထောက်အပံ့များ၊ ချေးငွေများဖြင့်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ စီမံကိန်းလုပ်ငန်းများ၏ မူလမျှော်မှန်းချက်၊ ရည်ရွယ်ချက်များ ပြည့်ဝစွာ အောင်မြင်မှုရရှိစေရန် သက်ဆိုင်သူ အားလုံးတို့က တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှုရန်ပုံငွေ အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြဆွေးနွေးကြသည်။

ယင်းစီမံကိန်းတွင် ဆည်မြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများ၊ ကုန်ထုတ်လမ်းနှင့်ရေပေးရေးနှင့် မီးလင်းရေးစသည့် ထုတ်လုပ်မှုနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ Knowledge Center များထူထောင်ခြင်းနှင့် နည်းပညာပံ့ပိုးခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ၊ လုပ်ကွက်ငယ်တောင်သူများ၊ မွေးမြူရေးလုပ် ကိုင်သူများနှင့် မြေယာမဲ့ များအား ငွေကြေးအရင်းအနှီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ ငွေစုငွေချေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းစသည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများပါဝင်မည်ဖြစ်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)