ပေါက် ၇ နိုဝင်ဘာ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ International Fund for Agricultural Development (IFAD) နှင့် ပေါင်းစုလုပ်အား အကူညီပေးရေးအဖွဲ့ (NAG) တို့ပူးပေါင်း၍ အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (Western States Agribusiness Project –WSAP) မြို့နယ်အဆင့် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က ပေါက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက အဖွင့်အမှာစကား ပြောကြားပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဝင်း၊ ပေါင်းစု လုပ်အားအကူညီပေးရေးအဖွဲ့ (NAG) Project Coordinator ဦးဝေလင်းချိုတို့က စီမံကိန်းလုပ်ငန်းစဉ်များ၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြများမှ စီမံကိန်းအကြောင်းအရာများနှင့် စပ်လျဉ်း၍ မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပေါက်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်း နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (WSAP)ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင်လည်းကောင်း၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် ကန်ပက်လက် မြို့နယ် တို့တွင်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်းကာလမှာ ခြောက်နှစ်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို International Fund for Agricultural Development(IFAD)မှ ထောက်ပံ့ငွေ (Grant) ၃ ဒသမ ၉၇၈ သန်း၊ အတိုးနှုန်းသက်သာသော ချေးငွေ ၈ ဒသမ ၉၈၄ သန်း၊ မြန်မာနိုင်ငံအစိုးရမှ ထည့်ဝင်ငွေ သုည ဒသမ ၉၉၄ သန်း၊ ပြည်သူများမှ ထည့်ဝင်ငွေ သုည ဒသမ ၇၈ သန်း၊ ပူးပေါင်းဆောင်ရွက်မည့် မိတ်ဖက်အဖွဲ့ အစည်းများမှ ထည့်ဝင်ငွေ ၁ ဒသမ ၀၅ သန်း၊ Development Partners များမှ ထည့်ဝင်ငွေ (Financing Gap) ၄ ဒသမ ၄၇၁ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၂၅၇ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Focal အဖြစ် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများနှင့် ပေါင်းစုလုပ်အား အကူညီပေးရေးအဖွဲ့(NAG)တို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင် ထံမှသိရသည်။
သန်းလွင်(မကွေး)



