ပုဏ္ဏားကျွန်း မတ် ၄
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ၊ သမားတော်ကြီးများ ဦးဆောင်သည့် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ လောကမာရဇိန်ဘုရားကြီး ဗိမာန်တော်၌ အခြေချပြီး ရဟန်း၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများကို မတ် ၂ ရက် နံနက်ပိုင်းမှစတင်ကာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့) ဆောင်ရွက်ပေးလျက် ရှိပြီး အဆိုပါဘုရားကြီး ဗိမာန်တော်တွင် မတ် ၄ ရက် နံနက်ပိုင်းမှစ၍ ဒေသခံပြည်သူ ၄၀၆ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၀ အုပ်စုမှ ဒေသခံပြည်သူများကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်းရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး၊ ECG နှင့် အယ်ထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ကုသမှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးသည်။
ထိုသို့ ဆေးကုသပေးရာတွင် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းကူညီဆောင်ရွက်ပေးပြီး နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များက ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။
နီထွန်းအောင်(ပြန်/ဆက်)