ရန်ကုန်၊ ၈ ဇန်နဝါရီ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ လူစည်ကားရာနေရာဖြစ်သည့် မြို့မဈေးအတွင်း အနှေးယာဉ်ဂိတ်နေရာများတွင် ရောင်းကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၇ ရက် ညနေ ၅ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့မဈေးအတွင်း အနှေးယာဉ်ဂိတ်နေရာများတွင် အဝတ်အထည်များ၊ အလှကုန်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများစသည်တို့ကို ရောင်းချမှု မရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ကာလအတွင်း လူစုလူဝေးမဖြစ်စေရန်၊ ဈေးသူ ဈေးသားများ၊ ဈေးဝယ်လာပြည်သူများ သွားလာလှုပ်ရှားနေချိန် လမ်းပိတ်ဆို့မှုမရှိစေရန်နှင့် စိတ်ချမ်းမြေ့စွာ ရောင်းဝယ်နိုင်စေရန်၊ အဆိုပါ ဈေးသို့လာရောက်သော အနှေးယာဉ်များအနေဖြင့် သတ်မှတ်ထားသည့် အနှေးယာဉ်ဂိတ်နေရာများတွင် စနစ်တကျရပ်တန့်ထားစေရန် ရည်ရွယ်၍ လှည်းကူးမြို့မဈေး တာဝန်ခံ ဝန်ထမ်းများနှင့် ဈေးသာယာလှပရေး အကျိုးတော်ဆောင်အဖွဲ့တို့မှ အနှေးယာဉ်ဂိတ်နေရာများတွင် ရောင်းကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


