နယူးဒေလီ၊ ဒါကာ ၂၂ မေ

၁၉၉၉ ခုနှစ်နောက်ပိုင်း အင်အားအပြင်းဆုံးဟု ဆိုနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန် မေ ၂၁ ရက်က ဝင်ရောက်တိုက်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံတို့တွင် သေဆုံးသူ ၈၈ ဦးအထိမြင့်တက်ခဲ့ပြီး မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက် ပျက်စီး ဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်း မေ ၂၁ ရက်ဒေသစံတော်ချိန် ည ၉ နာရီထုတ်ပြန်ခဲ့သော နိုင်ငံတကာသတင်းတစ်ရပ်အရ သိရသည်။

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန် ဘင်္ဂလားဒေ့ရှ်ရှိ နေရာဒေသအချို့နှင့် အိန္ဒိယနိုင်ငံအရှေ့ပိုင်းသို့ ဝင်ရောက်ခဲ့ရာ သစ်ပင်များအမြစ်မှ ကျိုးပြတ်ထွက်ခဲ့ပြီး နေအိမ်များပြိုလဲပျက်စီးခဲ့ကာ သန်းနှင့်ချီသည့် ပြည်သူ များမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိနေသော်လည်း မုန်တိုင်းရှောင်အဆောက်အအုံ များ အောက်သို့ရွှေ့ပြောင်းခိုလှုံခဲ့ကြရကြောင်း သိရသည်။

ဆိုင်ကလုန်းအမ်ဖန် ဝင်ရောက်ရာတွင် တစ်နာရီ လျှင် ၁၅၀ ကီလိုမီတာ (၉၅ မိုင်)နှုန်းဖြင့် လေပြင်းများ တိုက်ခတ်မှုကြောင့် ဓာတ်တိုင်များ၊ နံရံများနှင့် အမိုးများ ကျိုးပဲ့ပျက်စီးမှုဖြစ်ပေါ်ခဲ့ကာ အိမ်ထောင်စုပေါင်းသန်းချီ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားကြောင်း အာဏာပိုင်များက ပြောကြားသည်။

အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့ရှိ အချို့လမ်းများပေါ် တွင် ကားပြတင်းပေါက်များအထိ ရေထဲနစ်မြုပ်ခဲ့မှုကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည့် ပုံရိပ်များတွင် တွေ့ရသည်။ အမ်ဖန်မုန်တိုင်းကြောင့် နောက်ဆက်တွဲ ထိခိုက် ပျက်စီးဆုံးရှုံးမှုသည် ကိုဗစ်-၁၉ ထက်ပင် ပိုဆိုးကြောင်း အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘနာဂျီ က ဒေသမီဒီယာသို့ ပြောကြားခဲ့သည်။ အဆိုပါ ပြည်နယ်အတွင်း အမ်ဖန်မုန်တိုင်းကြောင့် သေဆုံးသူ ၇၂ ဦးရှိကြောင်း ၎င်းက ပြောသည်။

သစ်ပင်များ ကျွတ်ထွက်ပျက်စီးခဲ့ပြီး လမ်းများ ရေနစ်မြုပ်ခဲ့သည့်အပြင် ကောက်ပဲသီးနှံများ ပျက်စီးခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ငါးနှစ်အရွယ်ကလေးတစ်ဦးနှင့် အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးအပါအဝင် သေဆုံးသူ ၁၆ ဦးရှိကြောင်း ပြောသည်။ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် အင်အားပျော့လာပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှ မြောက်ဘက်ဆီ ဆက်လက်ရွေ့လျားနေကြောင်း၊ သို့ရာတွင် ကော့ဘဇား၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အေအက်ဖ်ပီ