ရန်ကုန် ၁၅ ဇူလိုင်
အင်းစိန် ဗဟိုအကျဉ်းထောင်မှ ၂၀၁၈-၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ ကြသော အကျဉ်းသား ကျောင်းသား၊ ကျောင်းသူ (၅၂)ဦးနှင့် စာပေသင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲက အဆိုပါ အကျဉ်းထောင်ဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက အမှာစကားပြောကြားပြီး အင်းစိန်ဗဟိုအကျဉ်းထောင်မှ ၂၀၁၈-၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော အကျဉ်းသား ကျောင်းသား၊ ကျောင်းသူ (၅၂)ဦးနှင့် ၎င်းတို့အား စာပေသင်ကြား ပေးခဲ့သော အင်းစိန်မြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမ (၄၀) ဦး ၊ ပြင်ပမှ စေတနာရှင် ဆရာ၊ ဆရာမ (၇)ဦး၊ အကျဉ်းသား၊ အကျဉ်းသူ ဆရာ၊ ဆရာမ (၁၂) ဦးတို့အား သက်ဆိုင်ရာတာဝန်ရှိသူတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများ နှင့် စာပေသင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအတွက် အလှူရှင်များက အလှူငွေများကိုပေးအပ် ရာ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
အင်းစိန်ဗဟို အကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်က “အင်းစိန်အကျဉ်းထောင်အနေနဲ့ပြီးခဲ့ ၂၀၁၈-၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မိန်းကလေး တစ်ဦးနဲ့ ယောကျာ်းလေး ၅၁ ဦး အောင်မြင်ခဲ့တယ်။ သူတို့ကို အကျဉ်းသားဆိုပေမယ့် အပြင်လိုပဲ ကျောင်းသား စိတ်ဖြစ်အောင် စာသင်ကျောင်း အဆောက်အဦဆောက်လုပ်ပေးထားပြီး အဖြူနဲ့ အစိမ်း ဝတ်ခွင့်ပေးပါတယ်။ အခြားအလုပ်တွေကို တာဝန်မပေးဘဲ ကျောင်းစာနဲ့ပတ်သက်ပြီးလေ့လာစေပါ တယ်။ လက်ရှိမှာတော့ အဝေးသင်ကိုပဲ ဆက်လက်ပြီး သင်ကြားခွင့်ပြုမှာဖြစ်ပါတယ်။ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီကျောင်းသား တွေထဲက လက်ရှိမှာတော့ ပြစ်ဒဏ်စေ့လို့ ၂၆ ဦးလွတ်မြောက်သွားပြီဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ရန်ကုန်မြို့ရှိ အင်းစိန် ဗဟို အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၇၃)ဦး ဖြေဆိုခဲ့သည့် အနက် (၅၂) ဦးအောင်မြင်ခဲ့ပြီး သုံးဘာသာဂုဏ်ထူးရှင် လေးဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်(၁၃) ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် (၁၀) ဦးထွက်ပေါ်ခဲ့သည်။
သုံးဘာသာဂုဏ်ထူးရှင် မောင်ကောင်းထက်ဇော်က “စာပေးပွဲ မဖြေခင်အချိန်ကတည်းက ဂုဏ်ထူးသုံးဘာသာထွက်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကြိုးစားခဲ့တာပါ။ ကြိုးစားမှုအတိုင်း အောင်မြင်ခဲ့ ပါတယ်။ ကျွန်တော့်မှာ တကယ်လို့ အခွင့်အရေးများရမယ်ဆိုရင် ကျွန်တော့်အမှတ်နဲ့မီတဲ့ တက္ကသိုလ် ပညာတွေကိုသင်ကြားချင်ပါတယ်။ ကျွန်တော့်အမှတ်က ၄၂၃ မှတ်ပါ။ ကျွန်တော်တို့ကို အခုလို အသိအမှတ်ပြုပြီး ဂုဏ်ပြုတဲ့အတွက် ဝမ်းသာပါတယ်” ဟုပြောသည်။
ယနေ့ဂုဏ်ပြုပွဲအခမ်းအနားတွင် ရိုးရိုးအောင်မြင်သူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းစီ လည်းကောင်း၊ ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ် တစ်သိန်းနှုန်းစီ လည်းကောင်း ချီးမြှင့်ခဲ့သည့် အပြင် ၎င်းတို့အား စာပေသင်ကြားပေးခဲ့သော ဆရာ၊ဆရာမ (၅၉) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းစီ ဂုဏ်ပြုချီးမြှင့်ခဲ့ရာ စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၅၉) သိန်းရှိကြောင်း သိရသည်။
ယနေ့လှူဒါန်းမှုနှင့် ပတ်သက်၍ အလှူရှင် မဟာသဒ္ဓမ္မဇောတိကဓဇ ၊ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဦးစိုးသိန်း (ရွှေဓနအောင်ကုမ္ပဏီလီမိတက်) က “အင်းစိန်အကျဉ်းထောင်မှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးအတွက် အရင်တုန်းကတည်းက ထောက်ပံ့လှူဒါန်းခဲ့တာပါ။ ဒီကလေးတွေ ပညာတတ်တွေဖြစ်လာပြီး လူတော်လူကောင်းလေးတွေဖြစ်လာအောင်၊ သူတို့လေးတွေအနေနဲ့ နောင် တစ်ချိန်မှာ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်အောင်ကူညီပံ့ပိုးပေးတာပါ။ ဒီလိုဂုဏ်ပြုပွဲတွေလုပ်ပေးခြင်းအားဖြင့် သူတို့လေးတွေရဲ့ စိတ်ဓာတ်ခွန်အားတွေလည်း ပြန်လည်မြင့် တက်လာစေမှာဖြစ်ပါတယ်”ဟုပြောသည်။
အင်းစိန် ဗဟိုအကျဉ်းထောင်အနေဖြင့် ပညာသင်ကြားလိုသော အကျဉ်းသား၊ အကျဉ်းသူများ အား အတန်းပညာများကိုသင်ကြားပေးလျက်ရှိပြီး စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ရန် ပညာရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့သင်ကြားပေးရာတွင် အကျဉ်းထောင်ဝင်းအတွင်းရှိ အမှတ်(၁၃) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ပြင်ပကျောင်းချိန်များအတိုင်း သင်ခန်းစာများကို သင်ကြားပို့ချပေးခြင်း၊ နေ့စဉ်သင်ကြားပို့ချမှုများကိုလည်း ည ၇ နာရီမှ ၁၀ နာရီအထိ ပြန်လည်လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးလျက်ရှိသည်။
အဆိုပါ အကျဉ်းသား ကျောင်းသား၊ကျောင်းသူများအား အကျဉ်းသူ၊ အကျဉ်းသား ဘွဲ့ရပညာ တက်များ၊ ဆရာ၊ဆရာမများနှင့် အင်းစိန်မြို့နယ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်း များမှ ဆရာ၊ ဆရာမများက အနီးကပ်သင်ကြားပို့ချပေးမှုတို့အပြင် ပြင်ပမှ စေတနာရှင် ဆရာ၊ ဆရာမများကလည်း ကျောင်းပိတ်ရက်များတွင် အချိန်ပိုအဖြစ် လာရောက်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အင်းစိန်ဗဟို အကျဉ်းထောင်အနေဖြင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ အကျဉ်းသား၊ အကျဉ်းသူများကို တက္ကသိုလ်ဝင်တန်း အဆင့်ပညာများကို စတင်သင်ကြားပေးခဲ့ပြီး စာမေးပွဲများကို ဝင်ရောက်ဖြေဆိုခွင့်ပြုခဲ့ရာ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် နှစ်ဦး၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ခုနှစ်ဦး ၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ၁၁ ဦး၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကိုးဦး၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ၁၉ ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။
ထိုသို့ အောင်မြင်ခဲ့ကြသော အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားအား ထုတ်မှုနှင့် ၎င်းတို့အား သင်ကြားပြသသော ဆရာ၊ ဆရာမများ၏ မေတ္တာစေတနာတို့ကို အသိ အမှတ်ပြုသည့် အနေဖြင့်လည်းကောင်း၊ အင်းစိန်ဗဟို အကျဉ်းထောင်အနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှုရာခိုင်နှုန်း တစ်နှစ်ထက်တစ်နှစ်မြင့်မားလာစေရန်လည်းကောင်း၊ နောင်ကာလ တွင် နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် မွေးထုတ်ပေးမှုအနေဖြင့်လည်းကောင်း အဆိုပါဂုဏ်ပြုပွဲ အခမ်းအနားကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အကျဉ်းဦးစီးဌာန မှ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇၁ ဦး၊ လွိုင်ကော်ထောင်မှ အကျဉ်းသား လေးဦး၊ ဘားအံထောင်မှ အကျဉ်းသား၊ အချုပ်သား ၁၅ ဦး၊ တောင်ငူထောင်မှ အကျဉ်းသား လေးဦး၊ မြိတ်ထောင်မှ အကျဉ်းသားနှစ်ဦး၊ ကသာထောင်မှ အချုပ်သားနှစ်ဦး၊ သရက်ထောင်မှ အချုပ်သားတစ်ဦး၊ မုံရွာထောင်မှ အချုပ်သားတစ်ဦးနှင့် အင်းစိန်ဗဟိုအကျဉ်း ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၅၂ ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


