ရန်ကုန် ၅ မတ်
အင်းစိန်မြို့နယ်၊ အင်းစိန်လမ်းမ YTU ကျောင်းဂိတ်ပေါက်ရှေ့တွင် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသူ သုံးဦး ဆိုင်ကယ်တစ်စီးအား တွန်းလာသည်ကိုတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာမှ နောက်ဆက်တွဲ ဆိုင်ကယ် (၁၂)စီးနှင့် စက်ဘီးတစ်စီး ခိုးယူမှုများပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၆ ရက်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်လမ်းမ YTU ကျောင်းဂိတ်ပေါက်ရှေ့တွင် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသူ ကိုဖြိုး (ခ) ဇော်ဇော်၊ ထက်နိုင်ဇော် (ခ) ဖိုးထက်၊ စိုးမြင့်ဦး (ခ) သောင်းထိုက်တို့ (၃)ဦးသည် Lifan Star Dream-125 အမျိုးအစား အနက်ရောင်ဆိုင်ကယ် (၁)စီးအား တွန်းယူလာသည်ကို တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ ဆိုင်ကယ်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ မပြသနိုင်သောကြောင့် ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခဲ့သည်။
စစ်ဆေးချက်များအရ ၎င်းတို့(၃)ဦးသည် ၂၀၁၈ ခုနှစ် ဇွန်လတွင် အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် ရွာသစ်မှတ်တိုင် အနီးရပ်ထားသော CANDA-125 အမျိုးအစား နီ/နက်အရောင် ဆိုင်ကယ်(၁)စီး၊ မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်းမှ Feiling-110 အမျိုးအစား အနက်ရောင်ဆိုင်ကယ် (၁)စီး၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာစက်မှုဇုန်ရှေ့ အမှတ်(၃)လမ်းမဘေးတွင် ရပ်ထားသော CANDA CZI-125 အမျိုးအစား အနီရောင်ဆိုင်ကယ် (၁)စီး၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် အင်းစိန်မြို့နယ်၊ ရွာသစ်အနောက်၊ ကန်ဦးကျောင်းလမ်းရှိ နေအိမ်ခြံဝင်းအတွင်းမှ TOYO MAX-110 အမျိုးအစား အနက်ရောင်ဆိုင်ကယ် (၁)စီး၊ အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် အ.ထ.က(၃) ကျောင်းအနီး လမ်းဘေးတွင် ရပ်ထားသော RATO-125 အမျိုးအစား အနက်ရောင်ဆိုင်ကယ် (၁)စီး၊ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်ရှိ မြက်စိုက်ခင်းအနီးရပ်ထားသည့် JLM-125 အမျိုးအစား အနီရောင်ဆိုင်ကယ် (၁)စီး၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းဘေးတွင် ရပ်ထားသည့် NEW ASIA CZI-125 အမျိုးအစား အနက်ရောင်ဆိုင်ကယ် (၁)စီး၊ အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်း အ.ထ.က(၃) ကျောင်းအနီး ရပ်ထားသော GT CZI-125 အမျိုးအစား နီ/နက်ရောင် ဆိုင်ကယ်(၁)စီး၊ အင်းစိန်မြို့နယ် တညင်းကုန်းဈေးရှေ့တွင် ရပ်ထားသော Yunde-125 အမျိုးအစား အနက်ရောင်ဆိုင်ကယ် (၁)စီး၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အင်းစိန်မြို့နယ် အောင်ဆန်းဈေး မှတ်တိုင်အနီးရှိ လမ်းဘေးတွင်ရပ်ထားသော KENBO-125 အမျိုးအစား အနက်/ငွေမင်ရောင်ဆိုင်ကယ် (၁)စီး၊ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် CJ အချိုရည် စက်ရုံရှေ့တွင် ရပ်ထားသော SOURCE စာတမ်းပါ အဝါရောင်စက်ဘီး (၁)စီး၊ မှော်ဘီမြို့နယ် PEPSI အချိုရည်စက်ရုံ ဘေးလမ်းကြားတွင် ရပ်ထားသော CZI-125 အမျိုးအစား ခဲ/အနက်ရောင်ဆိုင်ကယ် (၁)စီး၊ မှော်ဘီမြို့နယ် သန္ဓေပင် ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်းမှ JLM Wave-i -125 အမျိုးအစား အနက်ရောင်ဆိုင်ကယ် (၁)စီးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ ကိုဖြိုး (ခ) ဇော်ဇော်၊ ထက်နိုင်ဇော် (ခ) ဖိုးထက်၊ စိုးမြင့်ဦး (ခ) သောင်းထိုက်တို့ (၃)ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများနှင့် စပ်လျဉ်း၍ ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းအသီးသီးသို့ သွားရောက်စုံစမ်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
MDN