ရန်ကုန် ဩဂုတ် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း ၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ် ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၇၇၄၉ ဦးတို့ကို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံခြားသားများ အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၁၄၆၄ ဦကို  ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သော အကျဉ်းသား၊ အကျဉ်းသူများအား လွတ်ငြိမ်းခွင့်ပြုသည့် အခမ်းအနားကို အင်းစိန်ဗဟိုအကျဉ်းထောင်ဝင်း မိုးလုံလေလုံ အားကစားရုံခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် မျိုးမင်းထိုက် တို့က လွတ်မြောက်သည့် အကျဉ်းသား၊ အကျဉ်းသူတို့ကို ဆုံးမဩဝါဒ စကားများပြောကြားကြသည်။

အဆိုပါ အကျဉ်းသား၊ အကျဉ်းသူများကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အင်းစိန်ဗဟို အကျဉ်းထောင်မှ သတ်မှတ်စည်းကမ်းနှင့် ကိုက်ညီသည့် နိုင်ငံသားအကျဉ်းသား ၁၁၉၆ ဦး၊ အကျဉ်း သူ ၁၄၄ ဦး၊  နိုင်ငံခြားသား အကျဉ်သား ၁၃ ဦး၊ အကျဉ်းသူ တစ်ဦး၊ ဘင်္ဂလီအကျဉ်းသား ၇၄ ဦး၊ အကျဉ်းသူ ၃၆ ဦးဖြင့် စုစုပေါင်း ၁၄၆၄ ဦးတို့ကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အင်းစိန်အကျဉ်းထောင်မှ နိုင်ငံခြားသားများအပါအဝင် အကျဉ်းသား၊  အကျဉ်းသူ ၁၄၆၄ ဦး၊ ရွှေသူဌေးစခန်းမှ ၃၄ ဦး၊ တောကြီးတန်းစခန်းမှ ၁၇ ဦး၊ လှေလှော်အင်းစခန်းမှ ၃၃ ဦး၊ အိုင်ကလောင်စခန်းမှ ၆၂ ဦး၊ အောင်ချမ်းသာစခန်းမှ ၄၅ ဦး၊ မင်းကုန်းစခန်းမှ ၂၃ ဦးတို့ဖြင့် လွတ်ငြိမ်းခွင့်ရရှိသူ ၁၆၇၈ ဦးတို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ထောင်လွတ်လက်မှတ်များနှင့် လွတ်လူခရီးစရိတ်တို့ကို ထောက်ပံ့ခဲ့သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများကို ၎င်းတို့၏မိသားစုဝင်များက အကျဉ်းထောင် ရှေ့သို့ပျော်ရွှင် ဝမ်းမြောက်စွာလာရောက်ကြိုဆိုကြပြီး ခရီးဝေးသွားရောက်ကြမည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများအား ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်များနှင့် သက်ဆိုင်ရာ မြို့နယ်အလိုက် YBS မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။

ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)