ရန်ကုန် ဇန်နဝါရီ ၄
ယနေ့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးနှင့် နိုင်ငံခြားသား ၁၈၀ တို့ကို ကျန်ရှိသော ပြစ်ဒဏ်များအ‌ပေါ် လျော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင်ရရှိသော အကျဉ်းသား၊ အကျဉ်းသူ ၁၀၀၉ ဦးကို ယနေ့ နံနက်ပိုင်းတွင် မိုးလုံလေလုံ အားကစားရုံခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်တို့က တွေ့ဆုံ၍ ဆုံးမဩဝါဒစကား ပြောကြားကြသည်။
အင်းစိန်အကျဉ်းထောင်မှ နိုင်ငံခြားသား ၉ ဦး၊ ဘင်္ဂလီ အကျဉ်းသား ၂၀ နှင့် အကျဉ်းသူ ၄ ဦး၊ နိုင်ငံသား အကျဉ်းသား ၇၆၈ ဦး၊ အကျဉ်းသူ ၂၀၈ ဦး စုစုပေါင်း ၁၀၀၉ တို့ကို ယနေ့တွင် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
ထိုသို့ လွတ်ငြိမ်းခွင့်ရရှိကြသည့် အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၁၀၀၉ ဦး တို့ကို ယနေ မွန်းလွဲပိုင်းမှ စတင်၍ YBS ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာခရိုင်များနှင့် ဒေသများသို့ ပို့ဆောင်ပေးခဲ့ရာ လွတ်လပ်ရေးနေ့အခါသမယတွင် ပြစ်ဒဏ်များမှ လွတ်ငြိမ်း သက်သာခွင့်ရရှိသူများနှင့် လာရောက်ကြိုဆိုသူများ ဝမ်းသာပျော်ရွှင်ကြလျက်ရှိကြသည်။
သတင်းစဉ်