မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
သတင်းထုတ်ပြန်ချက် အမှတ်စဉ် ( ၇ / ၂၀၂၆)
၁။ ပညာရေးသည် လူတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေးတစ်ရပ် ဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပံ့ပိုးပေးသော အရေးကြီးသည့် မဏ္ဍိုင်တစ်ရပ်လည်းဖြစ်ပါသည်။
၂။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၆၆၊ ပုဒ်မခွဲ(က)၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၂၆(က)၊ မြန်မာနိုင်ငံမှ ပါဝင်ချုပ်ဆိုထားသော ကုလသမဂ္ဂ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂၈၊ ၂၉၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅ ခုနှစ်) ပုဒ်မ ၂၀ နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉ခုနှစ်) ပုဒ်မ ၄၆၊ ၄၇၊ တို့တွင် ပညာသင်ယူခွင့်နှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းကြေညာထားပါသည်။
၃။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၅၂.၃၇ ရာခိုင်နှုန်း အနက် အကျဉ်းဦးစီးဌာနအောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး ယခုနှစ်နှင့်ပါဆိုလျှင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဖြေဆိုအောင်မြင်မှုမှာ ၁၀၀ ရာခိုင်နှုန်းဖြင့် ၅ နှစ် ဆက်တိုက် ဖြေဆိုအောင်မြင်မှုဖြစ်ပြီး မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး၊ စုစုပေါင်း အကျဉ်းသား ၄၆ ဦး အောင်မြင်ခဲ့ပါသည်။ အောင်မြင်သူများတွင် ၃ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၂ ဘာသာဂုဏ်ထူး ရှင် ၆ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၆ ဦး ပါဝင်ပါသည်။ လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများဖြစ်ကြသော ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ ၂ ဦး၊ ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်းမှ ၃ ဦး၊ အမျိုးသမီး ကလေးများ သင်တန်းကျောင်း (မန္တလေး)မှ ၁ ဦး၊ လပွတ္တာ လူငယ့်အားမာန်သင်တန်းကျောင်းမှ ၁ ဦး၊ မန္တလေး လူငယ်သင်တန်းကျောင်းမှ ၄ ဦးလည်း အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။
၄။ ပညာရေးကို မြှင့်တင်ရင်းနှီးမြှုပ်နှံခြင်းသည် လူတစ်ဦးချင်း၏ အနာဂတ်ကိုသာမက နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း မရှိမဖြစ်အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ဖြစ်သောကြောင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ အားလုံးအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် အကျဉ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူများ၊ လူငယ်သင်တန်းကျောင်းများရှိ ကလေးသူငယ်များနှင့် မသန်စွမ်းကျောင်းများမှ မသန်စွမ်းသူများ ပညာသင်ယူခွင့် ဆက်လက်ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဟု ယုံကြည်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်


