ရန်ကုန်၊ ၁၀ ဒီဇင်ဘာ

 

မြန်မာ့မီးရထား(မြို့ပြ) အင်ဂျင်နီယာဌာန တံတားပေါင်အလုပ်ရုံ (မလွှကုန်း)မှ အနီးကပ် ကြီးကြပ်ကာ တာ၀န်ယူ ဆောင်ရွက်နေသော ရထားလမ်းခုံးကျော်တံတား အမှတ်(၂) အင်းစိန်နှင့်ဆက်သွယ်ကာ တည်ဆောက်နေသော အင်းစိန်မြို့နယ် ရထားလမ်းခုံးကျော်တံတားသစ် (မင်းကြီးလမ်းဘက်ခြမ်း) တည်ဆောက်ရေးစီမံကိန်းသည် လက်ရှိတွင် အချောသပ်လုပ်ငန်း ပြီးစီးနေပြီး ယခုဒီဇင်ဘာလမကုန်မီ ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေး စီမံကိန်းတာ၀န်ခံရုံးမှ သိရသည်။

 

"ဒီခုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းတွေက အခုအခြေအနေမှာ အလုံးစုံပြီးစီးနေပါပြီ။ ကျန်တဲ့ တံတားနဲ့ဆက်စပ်တဲ့အဆင်းလမ်းတွေ တံတားအောက်က ခြံစည်းတွေရိုးတွေ ကို အသေးစိတ် လုပ်နေတဲ့ အချောသပ်အပိုင်းတွေတော့ ရှိသေးတယ်၊ ဒါတွေကို အခု ဒီဇင်ဘာလ မကုန်ခင်လောက်ကို အပြီးဆောင်ရွက်သွားမှာပါ၊ တံတားကြီး ပြီးစီးသွားရင်တော့ အင်းစိန်ဈေးကနေ မင်းကြီးလမ်း ဘက်ခြမ်းဘက်မှာရှိတဲ့  ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှုးရုံး၊ ဥပဒေရုံး/တရားရုံး အထူးကု ဆေးရုံကြီးအင်းစိန် (GTI)ကျောင်းတို့ကို တောက်လျှောက် တံတားလက်တက်ခုံးကျော် ကနေသွားနိုင်တော့မှာပါ၊ အခုကတော့ အဲဒီဘက်တွေကို ကွေ့ဝိုက်လှည့်ပတ်သွားနေရတာပေါ့။" ဟု မြန်မာ့မီးရထား(မြို့ပြ) အင်ဂျင်နီယာဌာန တံတားပေါင်အလုပ်ရုံ(မလွှကုန်း) အင်ဂျင်နီယာမှူး ဦးမောင်ချိုကပြောသည်။

 

အဆိုပါတံတားတည် ဆောက်ရေးအပိုင်းတွင် တင်ဒါအောင်မြင်သော A1 ဆောက်လုပ်ရေး ကုမ္ပဏီ မှ တာ၀န်ယူဆောင်ရွက်နေပြီးတံတားတိုင်လေးတိုင်းတည်ဆောက်ခြင်း၊ တံတားသံပေါင်များတင်ခြင်၊ PC Girder များတင်ခြင်းလုပ်ငန်းပြီးစီးနေပြီဖြစ် ကြောင်း၊ P28၊ P29၊ AB (ချဉ်းကပ်)တိုင်များကို  ကွန်ကရစ် တံတားပေါင်များ တပ်ဆင်ခြင်းလုပ်ငန်းများ P26(A)၊ P26(B)၊ P27၊ P28 တံတားတိုင်များကို Streel Box Girders များဖြင့် ဆက်သွယ်တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကွန်ကရစ် Slab လောင်းခြင်း/ ကားလမ်းပြုလုပ်ခြင်း/ လူသွားလမ်းပလက်ဖောင်းနှင့် Hand Rail များ တပ်ဆင်ခြင်း/ဆေးသုတ်ခြင်းနှင့် အချောသပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ သည်လည်းလက်ရှိ ၂၀၂၀ ပြည့်နှစ် ယခု ဒီဇင်ဘာလမကုန်မီ အပြီးဆောင်ရွက်ရန် အဆင့်ဆင့်ပြုလုပ်ဆောင်ရွက်နေကြောင်း သိရသည်။

 

အဆိုပါတံတားလက်တက်သည် ယခင်အင်းစိန်မီးရထား ခုံးကျော်တံတားကြီးအား ဆက်သွယ်ကာ ခုံးကျော်တံတားအဖြစ် ဗဟိုလမ်းကို ဖြတ်သန်းပြီး မင်းကြီးလမ်းအတိုင်း တံတားတိုင် P26(A)၊ P26(B)၊ P27၊ P28၊ P29၊ AB (ချဉ်းကပ်)တစ်ခု တို့ဖြင့်ဆက်စပ်ဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်သည်။

 

စီမံကိန်းသည်အောက်ခံ Bord Pile Foundation ဖြစ်ကာ RC Girder နှင့် Steel Girder ပေါင်းပြီး ကွန်ကရစ်ကြမ်းခင်းတံတားဖြစ်ကြောင်း၊ တံတားသည် အရှည် ၄၄၁ ပေနှင့်ချဉ်ကပ်တံတားအရှည် မှာ ၁၂၃ ပေ ရှိကြောင်း၊ အကျယ်သည်ဘေးတစ်ဖက်တစ်ချက်လူသွားလမ်းပလက်ဖောင်းပါ၀င်ကာ ကား အဆင်းတစ်လမ်းသွားအကျယ် ၁၆ ပေ ရှိပြီးတံတားအမြင့်သည် ကားလမ်းအလွတ် အမြင့်ဆုံးနေရာ၌ ၁၈ ပေမြင့်ရှိ ကြောင်းတို့ဖြစ်သည်။ ထိုစီမံကိန်းကို ကျပ်သန်းပေါင်း ၁၉၁၀ သန်း အကုန်ကျခံ တည်ဆောက်ခြင်းဖြစ်ကြောင်းထိုတံတားတည်ဆောက်ရေး စီမံကိန်းတာ၀န်ခံရုံးမှ သိရှိရသည်။

 

ထိုအင်းစိန်ခုံး ကျော်တံတား မင်းကြီးလမ်းဘက်ခြမ်းလက်တက်တံတားကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၊ မြန်မာ့မီးရထား(မြို့ပြ) အင်ဂျင်နီယာဌာန တံတားပေါင် အလုပ်ရုံ (မလွှကုန်း)၏ဘက်ဂျက် ဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး တင်ဒါအောင်မြင်သော A1 ဆောက်လုပ်ရေး ကုမ္ပဏီမှ တည်ဆောက်ကြခြင်းဖြစ်သည်။ Stell Box Girders များကို JNM ကုမ္ပဏီမှ ထုတ်လုပ်ဆောင်ရွက်ခဲ့ကြကြောင်း ထိုတံတားတည်ဆောက်ရေး စီမံကိန်းတာ၀န်ခံရုံးမှ သိရသည်။

 

သတင်း-  မျိုးမင်းသိန်း(မရမ်းကုန်း)

 

mdn