ရန်ကုန်၊ ၂၃ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေ ရန်နှင့် မကူးစက်နိုင်သောရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင် လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြန်မာ့စီးပွားရေးဘဏ်(အင်းစိန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တပ်ဖွဲ့ဝင်များက အင်းစိန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာ ရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ ဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးစေခြင်း၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ပေးခြင်းစသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ကြသည်။
မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်ဖွင့်ရက်များတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


