ရန်ကုန် ၁၆  ဧပြီ

 

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်မှုအနေဖြင့် ရပ်ကွက်များအတွင်းရှိ လမ်းများ၌ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းဆောင်ရွက်မှုကို ယနေ့ညနေပိုင်းက လူထုအခြေပြု ပရဟိအဖွဲ့ဖြစ်သော We Love Yangon နှင့် ပရဟိတ အဖွဲ့များပူးပေါင်းကာ ရန်ကုန်မြို့ ၊ အင်းစိန်မြို့နယ်ရှိ တောင်သူကုန်းရပ်ကွက်၌ ဆောင်ရွက်ကြသည်။

 

We Love Yangon လူထုအခြေပြု ပရဟိအဖွဲ့မှ တာဝန်ခံကိုလတ်က “အင်းစိန် မြို့နယ်မှာ အခုလက်ရှိ COVID – 19 ရောဂါပိုးတွေ့ရှိထားတဲ့ လူနာနေထိုင်ရာ ပတ်ဝန်းကျင်တွေကို အဓိကထားပြီး ပိုးသတ်ဆေး လိုက်ဖြန်းပေးနေတာပါ။ ပြည်သူတွေစိုးရိမ်မှု မလွန်ကဲအောင်၊ ပတ်ဝန်းကျင်မှာ မလိုအပ်တဲ့ ရောဂါပိုးတွေမရှိအောင် လုပ်ပေးနေတာပါ။ အခုဖြစ်ပွားနေတဲ့ ရောဂါကိုထိန်းချုပ်တဲ့အနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။ 

 

ထိုသို့ဆောင်ရွက်မှုကို ညနေ ၅ နာရီက We Love Yangon လူထုအခြေပြု ပရဟိအဖွဲ့၊ ကြယ်စင်မေတ္တာ လူမှုကူညီရေး အဖွဲ့(တညင်းကုန်း)တို့နှင့်အတူ အရပ်ဘက်လူမှုကူညီမှု အဖွဲ့အစည်းများ ပူးပေါင်းကာ အဆိုပါ ရပ်ကွက်အတွင်းရှိ လမ်းများအား မော်တော်ယာဉ်ပေါ်မှ ဆေးဖြန်းခြင်းနှင့် လူအင်အားဖြင့် ဆေးဖြန်းခြင်းလုပ်ငန်းများကို တစ်လမ်းဝင်၊ တစ်လမ်းထွက် လိုက်လံဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ ရပ်ကွက်နေ ပြည်သူတစ်ဦးကလည်း “ကျွန်တော်တို့ ရပ်ကွက်မှာ အခုလို ရောဂါပိုးတွေ့ရှိထားတော့ အိပ်အပြင် မထွက်ရဲလောက်အောင် ဖြစ်နေတယ်။ အခုလို ဆေးလိုက်ဖြန်းပေးတာ ကောင်းပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး အားလုံးဂရုစိုက်ဖို့လို ပါတယ်။ အဓိကကတော့ ဘာတွေပဲ လုပ်ထားပါစေ လက်ရှိကာလမှ မလိုအပ်ဘဲ အိမ်အပြင်ကို မထွက်ကြဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

 

အင်းစိန်မြို့နယ်ရှိ အဆိုပါရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အတည်ပြုလူနာ တွေ့ရှိခဲ့သဖြင့် လက်ရှိ ကာလတွင် Lock Down ပြုလုပ်ထားသည့် လမ်းရှိပြီး ယင်းရပ်ကွက်ရှိ လမ်းများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်  ပိုးသတ်ဆေးဖြန်းခြင်း၊ ထုံးဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း ဒေသခံများထံမှ သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး