ရန်ကုန်  ၆ မေ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပထမဦးဆုံး ကျန်းမာရေးစစ်တမ်း ကောက်ယူနေမှုအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဝန်ကြီးများက ယနေ့ နံနက် ၇ နာရီတွင် လိုက်လံကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် ယနေ့ထိ ကျန်းမာရေးဦးစီးဌာန၏ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူစာရင်း ၁၆၁ ဦးရှိသည့်အနက် အင်းစိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂၉ ဦးရှိပြီး အများဆုံး မြို့နယ်ဖြစ်ရာ အများဆုံးပိုးတွေ့ရှိခဲ့သည့် ကြို့ကုန်းအရှေ့ရပ်ကွက်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ရွာမအရှေ့ရပ်ကွက်နှင့် တောင်သူကုန်းရပ်ကွက်များရှိ လမ်းပေါင်း(၁၃၀)၊ အိမ်ခြေပေါင်း (၁၀၁၁၇)ခုတို့ကို သွားရောက်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း၊ အသက်ရှူရခက်ခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့အရသာပျောက်ခြင်း၊ ခေါက်ကိုက်ခြင်း၊ ကြွက်သား အလွန်နာကျင်ခြင်း၊ ချမ်းတုန်ခြင်းများ ရှိ/မရှိတို့ကို တစ်အိမ်တက်ဆင်း လိုက်လံကောက်ခံ၍ သံသယလူနာတွေ့ရှိပါက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

ကျန်းမာရေး စစ်တမ်းကောက်ယူရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြသည်။

 

ကျန်းမာရေး စစ်တမ်းကောက်ယူရာသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။

 

အင်းစိန်မြို့နယ် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

သတင်း- ဇွဲထက်ကို(ပြန်/ဆက်)

ဓာတ်ပုံ- ကျော်မိုး