ရန်ကုန် ၂၀ မေ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများအား ရပ်ကွက်များသို့ မော်တော်ယာဉ်ဖြင့် မီတာသုံးစွဲခများ လိုက်လံကောက်ခံခြင်းကို ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ တောင်သူကုန်းရပ်ကွက်တွင် လိုက်လံကောက်ခံပေးသည်။

 

အင်းစိန်မြို့နယ်နေ ပြည်သူများအား ၂၀၂၀ ပြည့်နှစ် ဧပြီလအတွက် ကျသင့်သည့် လျှပ်စစ်သုံးစွဲခဲ့သော ဓာတ်အားခများကို အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ယနေ့မှစတင်၍ အင်းစိန်မြို့နယ် လျှပ်စစ်ရုံးမှ တာဝန်ရှိသူများနှင့် ဓနရာဇကုမ္ပဏီမှ တာဝန်ရှိသူများက ပူးပေါင်းပြီး မော်တော်ယာဉ်ဖြင့် လှည့်လည်၍ နေ့ပိုင်းတွင် အလှည့်ကျ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

မီတာသုံးစွဲခများ လိုက်လံကောက်ခံရာတွင် ယနေ့တွင် တောင်သူကုန်းရပ်ကွက်၊ မေ ၂၁ ရက် နေ့တွင် ဖော့ကန်ရပ်ကွက်၊ မေ ၂၂ ရက်နေ့တွင် နံ့သာကုန်းရပ်ကွက်၊ မေ ၂၃ ရက်နေ့တွင် ရွာမအရှေ့ ရပ်ကွက်၊ မေ ၂၄ ရက်နေ့တွင် ရွာမအနောက်ရပ်ကွက်၊ မေ ၂၅ ရက်နေ့တွင် စော်ဘွားကြီးကုန်း ရပ်ကွက်၊ မေ ၂၆ ရက်နေ့တွင် ဈေးကုန်းအရှေ့/အနောက် ရပ်ကွက်၊ မေ ၂၇ ရက်နေ့တွင် မြို့သစ်(က+ခ)ရပ်ကွက်၊ မေ ၂၈ ရက်နေ့တွင် မြို့သစ်(ဂ)/ပေါက်တောဝ ရပ်ကွက်၊ မေ ၂၉ ရက်နေ့တွင် ကန္နားအနောက်ရပ်ကွက်များသို့ ကောက်ခံ ပေးသွားမည် ဖြစ်သည်။

 

အလားတူ အင်းစိန်မြို့နယ်အတွင်းရှိ ကျန်မြို့နယ်များကို မေ ၁၂ ရက်မှ မေ ၁၉ ရက်နေ့အထိ မော်တော်ယာဉ်ဖြင့် လှည့်လည်ကောက်ခံပေးပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

ဇွဲထက်ကို(ပြန်/ဆက်)