ရန်ကုန် ဩဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမ ကွက်သစ် ကျောင်း တိုက်အတွင်း တည်ဆောက်မည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံ တည် ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများကို လှူဒါန်းလျက်ရှိသည်။
အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် ယမန်နေ့က မြမန်းမေ ခေါက်ဆွဲဆိုင်မှ အလှူငွေကျပ်(၃)သိန်း၊ ဦးတင်မောင်လင်း+ဒေါ်သူသူမောင်မောင်ညွှန့် မိသားစုမှ အလှူငွေကျပ်(၃)သိန်း၊ကွယ်လွန်သူ(ဦးသက်ညို)အား ရည်စူး၍ အလှူငွေကျပ်(၁) သိန်းခွဲ၊ ဒေါ်မြင့်မြင့်ဝေ မှ အလှူငွေကျပ်(၁)သိန်းနှင့် အလှူရှင် များက အသီးသီး လှူဒါန်းလျက်ရှိရာ စိန်ရတနာ နာရေး ကူညီမှု အသင်းမှ တာဝန်ရှိသူများ က လက်ခံ ရယူလျက်ရှိသည်။
ယင်း အောက်ဆီဂျင်စက်ရုံတွင် တစ်နာရီလျှင်(၄၀)လီတာဝင်အိုးကြီး (၁၀)လုံးခန့် ထုတ်လုပ် ပေးနိုင်မည်ဖြစ်ပြီး တစ်ရက်လျှင်(၄၀)လီတာဝင်အိုးကြီး အလုံး(၂၀၀)ခန့် ထုတ်လုပ်ပေးနိုင်မည်ဟု မျှော်လင့်ထားကာ ကုန်ကျစရိတ်အနေဖြင့် ကျပ်သိန်း(၁၆၀၀)ခန့် ကျသင့်မည်ဖြစ်ရာ အလှူရှင်များ လှူဒါန်းလိုပါက အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နှင့် ယခုအချိန်အထိ အလှူငွေမှာ (၈၀)ရာခိုင်နှုန်းခန့်အထိ ရရှိနေပြီးဖြစ်ကြောင်း စိန်ရတနာ နာရေး ကူညီမှု အသင်း(အင်းစိန်) ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မိုးထံမှ သိရသည်။
အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်း အနေဖြင့် ပုံမှန် လူမှုကူညီရေးလုပ်ငန်းများ နှင့် အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်များကို အရှိန် အဟုန်မြှင့် ပါဝင် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


