ရန်ကုန် မတ် ၈

 

အင်းစိန်မြို့နယ် စာရေးဆရာအသင်းက စီစဉ်ထုတ်ဝေသော ၂၀၂၆ ခုနှစ် အင်းစိန်မြေ မဂ္ဂဇင်းစာအုပ်ပေးအပ်ပွဲကို မတ် ၆ ရက် မွန်းလွဲပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ အင်းစိန်မြို့နယ် စာရေးဆရာအသင်း နာယက ဆရာကြီး ဦးရန်နောင်(ရန်နောင်-ပညာရေး)က စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ်ကြောင်း အမှာစကားပြောကြား၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတော်မြင့် (တော်မြင့်-ငှက်ဖျား)နှင့် မြို့နယ်မဂ္ဂဇင်းဖြစ်မြောက်ရေး အဖွဲ့နာယက ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး) တို့က မုဒိတာစကားများ ပြောကြားသည်။

 

ထို့နောက် အင်းစိန်မြေ မဂ္ဂဇင်းတွင် စာမူများ ပါဝင်ရေးသားခဲ့ကြသည့် စာမူရှင်များ၊ ကြော်ငြာရှင်များ၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ပြန်/ဆက် ဦးစီးဌာနများရှိ စာကြည့်တိုက်များ၊ မြို့နယ်စာရေးဆရာ အသင်းဝင်များနှင့် တက်ရောက်လာသော စာပေမိတ်ဆွေများအား တာဝန်ရှိသူများက အင်းစိန်မြေ မဂ္ဂဇင်းစာအုပ်များ လက်ဆောင်ပေးအပ်ကြသည်။ အဆိုပါ မဂ္ဂဇင်းတွင် ဆောင်းပါးအပုဒ် ၂၀ ၊ ဝတ္ထုတို ၁၇ ပုဒ်၊ ကဗျာ ၁၂ ပုဒ် ၊ ကာတွန်း လေးပုဒ်နှင့် မှတ်တမ်းဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ဖော်ပြထားပြီး တစ်အုပ်လျှင် ကျပ် ၁၀၀၀၀ ဖြင့် ရောင်းချကြောင်း သိရသည်။

 

မြင့်ဦး