ရန်ကုန် ၅ နိုဝင်ဘာ   

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ ဆီလှယ်ရာမှ မီးလောင်မှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

 

အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်၊ ရွှေဥဒေါင်းလမ်း၊ ရွှေတောင်ရေခဲစက်ဝန်းတွင် ယမန်နေ့ ညနေ ၃ နာရီ ၅၅ မိနစ်က ရေပြင်မှ ဂါလန် နှစ်သိန်းခန့်ရှိ ဂျက်တီမှ ဆိပ်ခံတံတားပေါ်ရှိ ယာဉ်မောင်း ဟန်လင်းအောင်၏ ၂၂ ဘီး ဂါလန် (၇၅၀၀)ဆံ့ ဆီဘောက်ဆာယာဉ်ပေါ်သို့ ဆီလှယ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

မီးလောင်မှုကြောင့် ရန်ကုန်မြောက်ပိုင်းခရိုင်၊ မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦး ဦးဆောင်၍ မြောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ အထောက်အကူပြု ယာဉ်(၁) စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် မီးငြှိမ်းသတ်ရန် ထွက်ခွာခဲ့ရာ ရောက်ရှိချိန်တွင် ယာဉ်မောင်း ရဲသွေး၏ CANTER (အဖြူရောင်) (၆)ဘီး ဂါလန် (၄၀၀)ဆံ့ ယာဉ်ခေါင်းခန်းအား  မီးကူးစက် လောင်းကျွမ်းနေပြီး မီးငြှိမ်းသတ်ခဲ့ရာ  ညနေ ၄ နာရီ ၂ မိနစ် အချိန်တွင် မီးငြှိမ်သတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် CANTER (အဖြူရောင်) (၆)ဘီး ဂါလန်(၄၀၀)ဆံ့ ယာဉ်ခေါင်းခန်း လောင်ကျွမ်းခံရပြီး ဖြစ်စဉ်မှာ ဓာတ်ဆီ(92)ထည့်ထားဖူးသော တိုင်ကီအတွင်းသို့ ကားတွင်အပ်ကြိုးမချဘဲ ဒီဇယ်ထည့်ရာမှ လျှပ်စစ်စီးဆင်းမှု ပြတ်တောက်ရာ တည်ငြိမ်လျှပ်စစ်ဖြစ်ပြီး မီးပွားထွက်ရာမှ အနီးရှိ ကားခေါင်းသို့ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် အမျိုးသား(၂)ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများက အင်းစိန် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသော ဦးပြည့်ဖြိုးအောင်အား  အင်းစိန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)